ပေါ်လို ဖွန်ဆီကာ ကို နည်းပြသစ် ခန့်အပ်ဖို့ တရားဝင် ဆွေးနွေးနေတဲ့ နယူးကာဆယ်

နယူးကာဆယ် ဟာ ဝါရင့် နည်းပြကြီး စတိ ဗရု ကို လျော်ကြေး ပေါင် 8 သန်း ပေးကာ ထုတ်ပယ်ခဲ့ပြီး နောက်ပိုင်း ပေါ်တူဂီသား ဖြစ်သူ ပေါ်လို ဖွန်ဆီကာ ကို နည်းပြသစ် ခန့်အပ်နိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။

ဒီဆွေးနွေးမှုတွေ ကို လက်ရှိ အသင်းရဲ့ ဒါရိုတ်တာလဲဖြစ် ၊ ရှယ်ယာ အစိတ်အပိုင်း တချို့ ကို ပိုင်ဆိုင်ထားတဲ့ အမန်ဒါ စတာဗီလေ က ဦးဆောင်နေတယ်လို့ နားလည်ရပါတယ်။

အသက် 48 နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဖွန်ဆီကာ ဟာ စတာဗီလေ ရဲ့ ဦးစားပေး ပစ်မှတ်တခု ဖြစ်နေပြီး ၊ သူတည်ဆောက်တဲ့ ဘောလုံး အိုက်ဒီယာတွေ အပေါ် သဘောကျတာကြောင့် အခုလို မျက်နှာချင်းဆိုင်လာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေ ကို ကြည့်လိုက်မယ် ဆိုရင် ယူကရိန်း ကလပ် ရှက်တာဒိုးနက် အသင်းကို ချန်ပီယံလိဂ် ဖျက်မြင်း အသင်းဖြစ်အောင် တည်ဆောက်ပြနိုင်ခဲ့သလို ၊ ရိုးမား နဲ့ အတူ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အထိ တက်လှမ်းပြထားခဲ့ ပါတယ်။

နယူးကာဆယ် ကို ဆော်ဒီ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း PIF က 80% အထိ ပိုင်ဆိုင်ထားပြီး ၊ စတာဗီလေ ရဲ့ PCP Capital က 10% နဲ့ Reuben မိသားစု က 10% ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် နည်းပြသစ် ခန့်အပ်ဖို့ အပြီးသတ် ဆုံးဖြတ်ချက်ဟာ PIF ကနေ ခန့်အပ်ထားတဲ့ အသင်း ဥက္ကဌ Yasir Al-Rumayyan ရဲ့ အပြီးသတ် ဆုံးဖြတ်ချက် အပေါ်မှာ မူတည်နေပါတယ်။

ကလပ် ဘုတ်အဖွဲ့ဝင် အားလုံး ရဲ့ ရည်ရွယ်ချက်က ပရီးမီးယားလိဂ် မှာ ဆက်လက် ရှင်သန်နိုင်ဖို့ ဖြစ်ပြီး ၊ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလ ရောက်မှ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်တွေ ကို အရှိန်အဟုန်မြင့်ကာ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ပရီးမီးယားလိဂ် အတွေ့အကြုံ မရှိသေးတဲ့ ဖွန်ဆီကာ နဲ့ ကြိုတင် ညှိနှိုင်း ဆွေးနွေးမှုတွေကို အသေးစိတ်တွေက အစ လုပ်ဆောင်နေတယ်လို့ နားလည်ရပါတယ်။

သတင်းတွေ အရတော့ ဖွန်ဆီကာ ဟာ ဘောနပ်ဆုကြေးတွေ အပါအဝင် တရာသီ လုပ်ခ ပေါင် 6 သန်း ဝန်းကျင် ရရှိဖွယ် ရှိနေကာ ၊ ကာလရှည် စာချုပ်သက်တမ်း ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အဲဒီ လစာ ပမာဏ ဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ နည်းပြတွေထဲမှာ အများဆုံး ဖြစ်ပြီး ၊ ပရီးမီးယားလိဂ် ဖလား သိမ်းပိုက်ထားတဲ့ နည်းပြ တချို့ ရဲ့ လစာနှုန်းထားနဲ့တောင် ပုခုံးချင်း ယှဉ်နိုင်ဖို့ နီးကပ်နေပါတယ်။

ဖရန့် လမ်းပတ် ၊ အက်ဒ်ီဟောင်း ၊ လူစီယန် ဖား တို့ဟာ နယူးကာဆယ် ရဲ့ ဆန်ကာတင် စာရင်းမှာ ပါဝင်လျှက် ရှိနေသလို ၊ ရိန်းဂျား နဲ့ အတူ အောင်မြင်မှုတွေ ဆွတ်ခူးထားတဲ့ စတီဗင် ဂျရတ် ကိုလဲ PIF က မျက်စိကျနေဆဲ ဖြစ်ပါတယ်။

နယူးကာဆယ် ဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အောက်ဆုံး ဒုတိယ နေရာမှာ ရပ်တည်နေကာ ၊ ဒီရာသီ ပရီးမီးယားလိဂ် နိုင်ပွဲ တပွဲမှ ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဒီကာလကြီးမှာ သူတို့အတွက် လက်တွေ့အဆန်ဆုံး ပစ်မှတ်က ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန် နိုင်ဖို့ ဖြစ်ပြီး ၊ နည်းပြသစ် အနေနဲ့ အဲဒီ မျှော်လင့်ချက်တွေကို အကောင်ထည်ဖော်ဆောင် နိုင်ပါက Survival Bonus ကြေးပါ ရရှိသွားဖွယ် ရှိနေပါတယ်။

ဖွန်ဆီကာ ဟာ လက်ရှိမှာ ဇနီးသည် နဲ့အတူ ကိဗ်ယက် မှာ နေထိုင်လျှက် ရှိပြီး ၊ နယူးကာဆယ် တာဝန် ရှိသူတွေ နဲ့ Video Call တွေ ဆက်တိုက် ပြောဆိုလျှက် ရှိနေပါတယ်။ စပါး နည်းပြသစ် ဖြစ်လာဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့သည့်တိုင်အောင် အကောင်အထည်ပေါ်လာခြင်း မရှိလို့ စိတ်ပျက်မိကြောင်း မကြာခင်က အင်တာဗျူးတွေမှာ ထုတ်ဖော် ပြောဆိုထားတဲ့အပြင် ၊ သူ့ ရဲ့ တိုက်စစ် အသားပေး ကစားဟန် က ပရီးမီးယားလိဂ်မှာ အလုပ်ဖြစ်နိုင်တယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။

နယူးကာဆယ် ဟာ သူ့ကို တရားဝင် ခန့်အပ်နိုင်ခြင်း မရှိခင် ယာယီ နည်းပြ အဖြစ် ဂျရေမီ ဂျုံး ကို ခေတ္တတာဝန်တွေ ပေးအပ်ထားပါတယ်။ ဒါကြောင့် ဒီတပတ် ကစားမယ့် ပဲလေ့ နဲ့ ပွဲမှာ ဂျုံး ပဲ ကိုင်တွယ်သွားဖွယ် ရှိနေပါတယ်။

SPORTS MYANMAR