ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စိန်ခေါ်သွားချင်တယ်လို့ ဖွင့်ဟ လိုက်တဲ့ မို ဆာလာ

ဒီနှစ် ဘောလုံးရာသီ စတင်မီ အချိန်က BBC ဟာ သူတို့ရဲ့ အားကစား ကလောင်ရှင်တွေ ၊ ခန့်အပ်ထားတဲ့ ကစားသမားဟောင်းတွေ ကို ပရီးမီးယားလိဂ် ဗိုလ်စွဲမယ့် အသင်းနဲ့ ပတ်သက်ပြီး သဘောထား မှတ်တမ်းတွေ ကောက်ယူခဲ့ဖူးပါတယ်။

အဲဒီ အထဲမှာ အားလုံး က မန်စီးတီး နဲ့ ချဲဆီးသာ ဗိုလ်စွဲလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပြီး ၊ လီဗာပူး ကို စာရင်းထဲမှာတောင် ထည့်သွင်းခဲ့ခြင်း မရှိပါဘူး ။ လီဗာပူး ကိုယ်တိုင်ကလဲ ပရိသတ်တွေ မျှော်လင့်ချင်စရာကောင်းလောက်အောင် ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေ မရှိခဲ့တဲ့ အပြင် ၊ အဓိက ကွင်းလယ် ကစားသမား ဝိုင်နယ်ဒမ် ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့် ကမ္ဘာကျော် ထိပ်တန်း ကစားသမားတွေ ခေါ်ယူထားတဲ့ မန်စီးတီး နဲ့ ချဲဆီး တို့က ဗိုလ်စွဲဖို့ပဲ ပိုပြီးတော့ ရေပန်းစားခဲ့တာပါ။

အပတ်စဉ် 9 ပွဲစဉ်တွေ ကစားပြီး ချိန်မှာတော့ ချဲဆီး ၊ လီဗာပူး ၊ မန်စီးတီး တို့ဟာ တစ်မှတ် အကွာ အနေအထားတွေ နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေကြပါတယ်။ အဲဒီ သုံးသင်းထဲမှာ ဒီရာသီ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိသေးတဲ့ အသင်း လီဗာပူး တစ်သင်းသာ ရှိပြီး ၊ ချဲဆီး ၊ မန်စီးတီး ၊ ယူနိုက်တက် တို့ နဲ့ ကစားပြီးပြီ ဖြစ်သည့်တိုင်အောင် 2 ပွဲ သရေ ၊ 1 ပွဲ နိုင်ရလာဒ် ထွက်ပေါ် ထားပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ဒါဘီ ပွဲစဉ် အပြီးမှာတော့ လီဗာပူး ဟာ ချန်ပီယံဆု ကို စိန်ခေါ်မယ့် အသင်းမျိုး ဖြစ်ကြောင်း နာမည်ကြီး ဘောလုံးဝေဖန် သုံးသပ်တဲ့ ကစားသမားဟောင်းတွေ ကိုယ်တိုင်က တညီတညွတ်ထဲ ထောက်ခံချက် ပေးလာခဲ့ကြပါတယ်။

အထူးသဖြင့် လက်ရှိ အကောင်းဆုံး ပုံစံကောင်းတွေ ရနေတဲ့ မို ဆာလာကြောင့် လီဗာပူး ဟာ အဝေးကွင်း ပွဲစဉ်တွေမှာတောင် ဂိုးပေါက်ရှာရတာ လုံး၀ ခက်ခဲမှု မရှိပဲ ၊ ပြိုင်ပွဲပေါင်းစုံ နောက်ဆုံး ကစားခဲ့တဲ့ 9 ပွဲ ဆက်တိုက် 3+ ဂိုး သွင်းယူပြနိုင်တဲ့ မှတ်တမ်းကောင်းကိုပါ ပိုင်ဆိုင်ထားပါတယ်။

အီဂျစ် သားကြီး ကိုယ်တိုင်ကတော့ ဒီနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်သွားချင်တဲ့ အကြောင်း အခုလို ထပ်မံ ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

“ 5-0 ရလာဒ် တကယ်ကို ကျေနပ်စရာပါ။ ဒီပွဲမှာသာ အကောင်းဆုံး ကစားပြနိုင်ခြင်း မရှိရင် ၊ ကျနော်တို့ အနေနဲ့ အခက်ခဲတွေ ရင်ဆိုင်လာရနိုင်တယ် ဆိုတာ ကြိုပြီး တွေးထားခဲ့ပြီးသားပါ။

လွန်ခဲ့တဲ့ 2 နှစ်တုန်းက ကျနော်တို့ဟာ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီ ဖလားကို ကိုင်မြှောက်ဖို့ ဘယ်လို ပြင်ဆင် ဖြတ်သန်းရတယ် ဆိုတဲ့ အတွေ့အကြုံတွေ ကျနော်တို့ အားလုံးမှာ ရှိနေတယ်လေ။

ဒါကြောင့်မို့ ရာသီ အကြို ပြင်ဆင်မှုတွေ မှာ ကတည်းက အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ခဲ့သလို ၊ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးဖို့လဲ ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီ အတိုင်း စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့လဲ မျှော်လင့်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

နည်းပြ ယာဂန် ကလော့ပ် ကတော့ လီဗာပူး သမိုင်းကြောင်း တလျှောက် ယူနိုက်တက် ကို ပရီးမီးယားလိဂ် 7 ပွဲဆက်တိုက် ရှုံးပွဲ လုံး၀ မရှိအောင် ကိုင်တွယ်ပြနိုင်တဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။ ဒါ့အပြင် ဒီရာသီ ဥရောပ ထိပ်သီး အသင်းကြီးတွေ အားလုံးထဲမှာ လီဗာပူး ဟာ ပြိုင်ပွဲပေါင်းစုံ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ တခုတည်းသော အသင်းအဖြစ် ရပ်တည်လျှက် ရှိနေဆဲပါ။

ယူနိုက်တက် ကို အနိုင်ယူခဲ့တာ နဲ့ ပတ်သက်လို့ ကလော့ပ်က အခုလိုပဲ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ အရမ်းကို ထူးခြားတဲ့ နေ့တနေ့ပါပဲ။ ဒီပွဲဟာ လီဗာပူး သမိုင်းစာအုပ်ကြီးထဲက Chapter တခုအဖြစ် မှတ်တမ်းဝင်သွားမှာပါ။

ဒီလို ရလာဒ်မျိုးတွေ ဟာ ဖြစ်တောင့်ဖြစ်ခဲမို့ ပရိသတ်တွေကလဲ ဒီပွဲအကြောင်း ထပ်ခါထပ်ခါ ပြောကြမှာ သေချာပါတယ်။

အခုလောက်အထိ ဂိုးပြတ်နဲ့ အနိုင်ရမယ်လို့ မျှော်လင့်ထားခဲ့လားလို့ မေးရင်တော့ ၊ ဘယ်မျှော်လင့်မလဲပေါ့ဗျာ။ ဒီရလာဒ် က တော်တော်ကြီးကို ထူးဆန်းတာပါ။ ဂုဏ်ယူဖို့လဲ ကောင်းပါတယ်။ ဒါပေမယ့် အရူးအမူးတော့ အောင်ပွဲခံမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်ကိုလဲ လေးစားကြောင်း ပြသရဦးမယ်လေ” လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR