ပရိသတ် ၇ သောင်းကျော်လာကြည့်တဲ့ အိုးထရက်ဖိုဒ့် ကွင်းထဲက လီဗာပူး ရဲ့ သွေးပူလေ့ကျင့်ခန်း

အိုးထရက်ဖိုဒ့် ဆိုသည်ကား အင်္ဂလန် မှာ ဝင်ဘာလေ ပြီးရင် ဒုတိယ အကြီးဆုံး ၊ ပရီးမီးယားလိဂ် မှာ ဆိုရင် နံပါတ် ၁ အကြီးဆုံး ကွင်း . . . ပွဲတိုင်းလိုလို ပရိသတ် ရာနှုန်းပြည့် ရှိခဲ့သည့်ကွင်း ၊ ဗိုလ်လုပွဲပေါင်း များစွာ ၊ နိုင်ငံ အဆင့် ပွဲပေါင်း များစွာကို လက်ခံ ကစားပေးခဲ့သည့် သမိုင်း အစဉ်အလာ ရှိသည့်ကွင်း တကွင်း . . . ဒီလို ကွင်းကြီး ရဲ့ အဆင့်အတန်း နဲ့ ကွင်းထဲကို တကူးတက လာရောက် အားပေးခဲ့သည့် ပရိသတ်တွေ ကို အိုလေဂန်နာ ဆိုးရှား နဲ့ သူ့ရဲ့ အသင်းသားတွေက မိနစ် ၉၀ အတွင်းမှာ အကြိမ်ကြိမ် စိတ်ပျက် စေခဲ့သည် ။

ပထမပိုင်း အပြီး နဲ့ ဒုတိယပိုင်း ပွဲကစားနေစဉ် အတွင်းမှာ တဖွဲဖွဲ အိမ်ပြန်သွားကြတဲ့ လူတွေကို ကောင်းကင် ရိုက်ကွင်းကနေ မကြာခဏ မြင်တွေ့ ခဲ့ရသည် ။ ပွဲကြည့်စင်ပေါ်က ဆာအဲလက်စ် ဖာဂူဆန် တယောက် စိတ်ပျက် လက်ပျက် နဲ့ ခေါင်းကို တွင်တွင် ခါယမ်း နေချိန်မှာ ဆာ ကင်နီဒဲဂလစ်ရှ် ကတော့ ရယ်မော လို့ နေလေသည် ။ ဒါတွေက ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ခါးသီးလှတဲ့ မြင်ကွင်းတွေ ဖြစ်နေမှာ အမှန်ပင် ။

 

ဒါပေမယ့်လည်း ယူနိုက်တက် ရဲ့ ကစားပုံ ၊ ကစားသမားတွေရဲ့ အရည်အသွေး နဲ့ ခံယူချက်တွေ ဟာ ဒီလို ပိုးစိုး ပက်စက် အရှုံး ရလဒ် နဲ့ ထိုက်တန်လွန်းမက ထိုက်တန် နေခဲ့သည်ဟု ဆိုရပေမည် ။ လီဗာပူး ရဲ့ ခြေစွမ်းက ကောင်းလား ဆိုးလားပင် မဆုံးဖြတ် နိုင်တော့လောက်အောင်ကို ယူနိုက်တက် တို့ ဆိုးရွားခဲ့သည် ။ ဒီညခြေစွမ်း ကား လီဗာပူးမှ မဟုတ် ၊ ပရီးမီးယားလိဂ် က အသင်း အတော်များများကို ဂိုးပြတ် ရှုံးလောက်သည့် ခြေစွမ်းမျိုး ဖြစ်ခဲ့လေသည် ။

လီဗာပူး ရဲ့ ဗျူဟာက ရှင်းသည် ၊ သူများ ကွင်းဘက်ခြမ်းမှာတင် လိုက်ဖိအားပေးပြီး ယူနိုက်တက် ကစား သမားတွေ အမှားလုပ်မိအောင် အားထုတ်ခဲ့ကြသည် ။ တကယ်လည်း အောင်မြင်ခဲ့သည် ၊ ဒါကလည်း အဆန်းတော့မဟုတ် ၊ မန်ချက်စတာ ယူနိုက်တက် ဆီက ဘောလုံး ဘယ်လို ရအောင် လုရမည်ဆိုသည့် သင်ခန်းစာကား သူငယ်တန်း ဖတ်စာကဲ့သလို့ အသင်းအားလုံး ကြေညက်နေသည့် အရာ ဖြစ်လို့ နေချေလေပြီ ။

လီဗာပူး ရဲ့ ပထမ ၂ ဂိုးစလုံးမှာ ယူနိုက်တက် ခံစစ်ရဲ့ နေရာလွဲမှု ၊ အချိတ်အဆက် မရှိမှုတွေကို အထင်းသားကြီး မြင်တွေ့ခဲ့ရသည် ။ ဟယ်ရီ မက်ဂွဲယား ကတော့ ၂ ဂိုးစလုံးရဲ့ အဓိက တရားခံ ဖြစ်ခဲ့သည် ။ မက်ဂွဲယား အစား သစ်ငုတ်တို တခုကို ကွင်းထဲ ထည့်ထားရင်တောင်မှ လီဗာပူး ကစားသမားတွေ ခလုပ်တိုက်ပြီး ပျက်ကောင်း ပျက်ဦးမည် ၊ အခုကတော့ အားလုံး မြင်သည့် အတိုင်းပင် ။

ဗာရန်း ကို လင်ဒီလော့ဖ် နေရာအတွက် ခေါ်ခဲ့တာ ဖြစ်ပေမယ့် ခုချိန် မှာတော့ လင်ဒီလော့ဖ် + ဗာရန်း အတွဲ ကို ပြောင်းသုံးရမလို တောင် ဖြစ်လာခဲ့လေသည် ။ ဒီတခုကတော့ ဆိုးရှား အပြစ်မဟုတ်တန်ရာ . . .

ပထမဂိုးမှာ ဗဟို ခံစစ်မှူး ၂ ဦး စလုံး ခံစစ်မှာ ရှိမနေ ၊ ဒုတိယ ဂိုးကတော့ ၂၀၀၇ တုန်းက အေစီမီလန် နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် တုန်းက ကာကာ ရဲ့ သွင်းဂိုး ကိုတောင် ပြန်ပြီး အမှတ်ရချင်သလိုလို . . . သေချာတာ ကတော့ ဒီ ခံစစ်မျိုး နဲ့ ဆိုရင် မက်ဆီ ၊ ဘာပေ ၊ နေမာ ၊ ဟာလန်း တို့အကုန် ထည့်ကစားရင်တောင် ဖလားအနား သီနိုင်ဖို့ ဆုတောင်းနေရဦးမှာ သေချာပေသည် ။

ယူနိုက်တက် ကရော အခွင့်အရေး မရဘူးလား ဆိုတော့ ရသည် ၊ လီဗာပူး ထက်ပင် ဦးအောင် ရခဲ့သည် ၊ ၁-၀ ဖြစ် အပြီးမှာလည်း နောက်တကြိမ် ထပ်ရခဲ့သည် ၊ သို့သော ၂ ကြိမ်စလုံး ဂိုးမဝင် ၊ ဂိုးသွင်းလိုစိတ်တွေ ယိုဖိတ်နေမှုက ဘေးက အသင်းဖော်တွေကို မမြင်လောက်အောင် အဝိဇ္ဇာ ဖုံးစေခဲ့သလား ဆိုတာကိုတော့ ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပေလိမ့်မည် ။

၂-၀ နောက်ပိုင်းမှာ ယူနိုက်တက် တို့ ပြန်လည် နိုးထလာချင် သယောင် ဖြစ်ခဲ့ပေမယ့် လီဗာပူးကသာ ဘောလုံး ပိုင်ဆိုင်မှု အသာ ၊ ဘောလုံး လုယူမှု အသာတွေ နဲ့ ဆက် ကစားနိုင်ခဲ့သည် ။ MBE ဂုဏ်ထူးဆောင် ဘွဲ့ရ ပရဟိတသမားလေး ရက်ဖိုဒ့် ကတော့ ကွင်းထဲထိ ပရဟိတစိတ်တွေ ယိုဖိတ်နေခဲ့တာက ဆိုးရှား ရဲ့ “ဘောလုံးကိုသာ အာရုံစိုက်ထားပါ” ဆိုတဲ့ စကားကို လှောင်ပြုံးများ ပြုံးပြ နေရော့သလား . . .

ပထမပိုင်း ခရာမမှုတ်ခင် မှာဘဲ လီဗာပူးတို့ နောက် ၂ ဂိုးထပ်ရခဲ့သည် ။ မိုဆာလာ ၏ ရိုးရှင်းလွယ်ကူလှသော ပိတ်သွင်းဂိုးလေး ၊ ပထမဂိုး ၊ ဒုတိယဂိုး ၊ တတိယဂိုး ၊ စတုတ္ထဂိုး အားလုံး လီဗာပူးတို့ သာသာယာယာ သွင်းယူသွားခဲ့သည် ၊ မဖြေခင် ကတည်းက အောင်နှင့်နေသည့် စာမေးပွဲများလို ၊ မဆွတ်ခင်က ညွှတ်နေသည့် ပန်းကလေးများလိုပင် လီဗာပူး ရဲ့ အခွင့်အရေးတွေက ဂိုးတွေ ဖြစ်တော့မည်ဆိုသည်ကို သိသာ မြင်သာလွန်းလှခဲ့လေသည် ။

ရိုနယ်ဒို အကြောင်းကိုလည်း ပြောရဦးမည် ၊ ပထမပိုင်းပြီးခါနီးက သူ့ရဲ့ လုပ်ရပ်ကား အပေါစား ဆန်လွန်းလှသည် ၊ ဘောလုံးကို ရယူလိုကား ဆွဲထုတ်နိုင်သည် ၊ သည်လုပ်ရပ်က ရည်ရွယ်ချက် မပါဟု ဆိုလျှင်တောင်မှ နားလည်ခွင့်လွှတ်ပေးလို့ မရနိုင်သည့် အနေအထားမျိုး ပင် ။ ဘောကောက် ကလေးငယ် ဗိုက်အောက်က ဘောလုံးကို ဟာဇက် ကန်ထုတ်ခဲ့တုန်းက တကမ္ဘာလုံး ရှုံ့ချ ခဲ့ကြသည် ၊ အခု ရိုနယ်ဒို အလှည့် . . . ဘယ်သူ ဘာပြောမလဲ ?

ဒုတိယပိုင်း စလို့ ၅ မိနစ်ပင် မပြည့်သေး ၊ ဆာလာ က ဟက်ထရစ် ယူသွားသည် ။ ခြေပဂိုး ရလိုရငြား ဆိုးရှား လူလဲထည့်လိုက်သည့် ပေါ့ဘာ ကလည်း ၁၅ မိနစ်သာ ကစားပြီး အနီကတ် နဲ့ ပြန်ထွက်သွားခဲ့သည် ။ တိုက်ဆိုင်တာလားတော့ မသိ ၊ စနေနေ့တုန်းက နောဝှစ်ချ် လည်း ချဲလ်ဆီး ကို ၅-၀ နဲ့ ရှုံးနေချိန် မှာ ၁ ယောက် ထုတ်ခံရပြီး ၇-၀ ဖြစ်သွားခဲ့သည် မဟုတ်ပေလော ၊ နောဝှစ်ချ် နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ လယ်ဗယ်တူများ ဖြစ်သွားလေပြီလား . . .

အတ္တလန်တာ နဲ့တုန်းက ပထမပိုင်း အပြီး အဝတ်လဲခန်းထဲမှာ ရိုနယ်ဒို က ယူနိုက်တက် ကစားသမားတွေကို “မင်းတို့ မရှက်ကြဘူးလား” လို့ အော်ဟစ်ကြိမ်းမောင်း ခဲ့သည် ။ ဒီညမှာရော မရှက်ဘူးလား လို့ ထပ်ပြောခဲ့သလား . . . ဒီလိုသာ ပြောနေဦးမယ်ဆိုရင်တော့ ရိုနယ်ဒို တယောက် ရာသီမကုန်ခင်မှာဘဲ လည်ချောင်နာ ဖြစ်သွားနိုင်သည် ။ ဒီလိုမှ မဟုတ်ရင်လည်း သူကိုယ်တိုင်ပါ မရှက်တော့တာလည်း ဖြစ်ချင် ဖြစ်သွားနိုင်တာပါပဲ . . .

 

SPORTS MYANMAR