” ပထမပိုင်းမှာတင် 4 ဂိုးပြတ်သွားလိမ့်မယ် ” လီဗာပူး နဲ့ ရင်ဆိုင်ရမဲ့ ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်တုန်းက ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 3 အဖြစ် အိုးလ် ထရက်ဖို့ဒ် ကွင်းထဲမှာ အီတလီကလပ် အတ္တလန္တာ အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 3 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ အမှတ်ပေး ဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာ ယူနိုက်တက် တို့ရဲ့ ပထမပိုင်း ကစားပုံက အတော်လေး စိတ်ပျက်စရာ ကောင်းနေခဲ့ရ ပါတယ် ။ ဒါ့ကြောင့်လည်း ယူနိုက်တက်တို့ ပထမပိုင်းမှာတင် အတ္တလန္တာ အသင်းကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်သွားခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဒုတိယပိုင်းမှာ ရပ်ရှ်ဖို့ ၊ မက်ဂွားယား ၊ ရော်နယ်ဒို တို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်တို့ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး လိုအပ်တဲ့ အဖိုးတန် နိုင်ပွဲကို ရယူခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီတပါတ်မှာတော့ ယူနိုက်တက်တို့ လီဗာပူး အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။

အခုတော့ ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်က အသင်းဟောင်း အနေနဲ့ အတ္တလန္တာ ကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ် ပထမပိုင်းတုန်းကလိုသာ ဆက်ကစားဖြစ်မယ်ဆိုရင် လီဗာပူးဖက်က ပထမပိုင်းမှာတင် 4 ဂိုးထိ သွင်းယူသွားလိမ့်မယ်လို့ အသင်းဟောင်းကို သတိပေးသွားခဲ့လိုက်ပါတယ် ။

” နိုင်ပွဲတွေ အတွက် ခင်ဗျားဟာ အောင်ပွဲခံနေမှာပါပဲ ။ ဒါပေမဲ့ (အတ္တလန္တာ) ပထမပိုင်းက ကျွန်တော့်ကို တကယ်ပဲ စိုးရိမ်စိတ် ဖြစ်ပေါ်စေခဲ့ ပါတယ် ။ အနိုင်ပြီးတဲ့နောက် ဒီလို ပြောလို့ ကျွန်တော့်ကို ဆိုးရွားသူပဲလို့ ထင်ကောင်း ထင်နိုင်သလို အချို့ဆိုရင် ရိုက်တောင် ရိုက်ကြမလားပဲ “

” ဒါပေမဲ့ ကျွန်တော်ကတော့ ဒီပွဲစဉ်ရဲ့ ပထမပိုင်းက ခြေစွမ်းကို ကြည့်ပြီး လီဗာပူးနဲ့ပွဲ အကြောင်းကိုပဲ တွေးတောဖြစ်ခဲ့ပါတယ် ။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား နှစ်ဦးဟာ တစ်ယောက် တစ်ပေါက် ကစားနေခဲ့ကြပါတယ် “

” အကယ်လို့ ပြိုင်ဖက် အသင်းကသာ အတ္တလန္တာ မဟုတ်ပဲ လီဗာပူး၊ မန်စီးတီးတို့ဖြစ်နေခဲ့ရင် သူတို့တွေ ပထမပိုင်းမှာတင် 4 ဂိုးအထိ ပြတ်နေလောက်ပါပြီ ။ ဟုတ်ပါတယ် ၊ ဒုတိယပိုင်းမှာ စိတ်လှုပ်ရှားစွာ ကစားပြနေတဲ့ သူတို့ရဲ့ တိုက်စစ်ကို ကြည့်ရတာ ကောင်းခဲ့ပါတယ် “

” သူတို့ တကယ်ပဲ ကောင်းခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော့် အတွေးထဲတော့ ပထမပိုင်း ကစားပုံကပဲ နေရာယူနေခဲ့ပါတယ် ။ သူတို့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ကြပေမဲ့ ပြိုင်ဖက်ကိုတော့ အခွင့်အရေးတွေ အများကြီး ပေးဆောင်သွားခဲ့ကြပါတယ် “

” အကယ်လို့ အရည်အသွေး ကောင်းလွန်းတဲ့ ပြိုင်ဖက် ကစားသမားတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာဆိုရင် သူတို့ ပြန်နိုင်ဖို့ လမ်းစတောင် ရှိနေခဲ့မှာ မဟုတ်ပါဘူး ။ လူတွေက ကောင်းတာပဲ တွေးပြီး အိမ်ပြန်သွားကြမှာပါ ။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာရော သူတို့ ဒီတိုင်းပဲ ကစားကြဦးမှာလား? “

” သွားပါ ၊ တနင်္ဂနွေနေ့မှာ ဒီတိုင်းလေးသာ ကစားကြည့်လိုက်ပါ ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ခင်ဗျားတို့ မြင်ရပါလိမ့်မယ် ။ ဒီပွဲကို ကြည့်ဖြစ်ခဲ့ရင် ကလော့ပ် ကတော့ လက်ချင်း ပွတ်နေလောက်ပါပြီ ” လို့ ပေါလ် စခိုးလ် က အသင်းဟောင်းကို သတိပေး စကား ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar