မန်ချက်စတာ စီးတီးဟာ ယမန်နေ့ ညက ခရစ္စတယ် ပဲလေ့စ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားပြီး ၂-၀ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။
ဒါဟာ စီးတီး အတွက် ဒီရာသီ ပရီးမီးယားလိဂ် မှာ ပထမဆုံး အိမ်ကွင်း ရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ် ။
ပက်ထရစ် ဗီယာရာ ရဲ့ ပဲလေ့စ် ဟာ ပွဲအစ ၆ မိနစ် မှာကတည်းက ဝီလ်ဖရိုက် ဇာဟာ ရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ခဲ့ ပါတယ် ။
စီးတီး ဘက်က ပြန်လည် ချေပဖို့ ကြိုးစားရင်း အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အဆုံးသတ် ပိုင်းမှာ အားနည်းနေခဲ့ ပါတယ် ။
ပထမပိုင်း ပြီးခါနီးမှာတော့ စီးတီး ခံစစ်မှူး လာပေါ့တ် အထုတ်ခံခဲ့ရ ပါတယ် ။
လာပေါ့တ် ဟာ ပဲလေ့စ် တောင်ပံ ကစားသမား ဇာဟာ ကို ဆွဲလှဲ ခဲ့ပြီး ကွင်းလယ်ဒိုင် အန်ဒရီ မာရီနာ က လာပေါ့တ် ဟာ နောက်ဆုံးခံစစ်သမား ( Last defender ) ဖြစ်နေပြီး ဂိုးပေးရနိုင်လောက်တဲ့ အခွင့်အရေးကို တားဆီး ခဲ့တယ်လို့ ယူဆကာ တိုက်ရိုက် အနီကတ် နဲ့ ထုတ်ပယ်ခဲ့ပါတယ် ။
မာရီနာ ရဲ့ ဆုံးဖြတ်ချက် ကို VAR ကလည်း ထောက်ခံခဲ့ တာကြောင့် လာပေါ့တ် ဟာ နောက်တပတ် မှာ ကစားမယ့် မန်ချက်စတာ ဒါဘီ ကို လွဲချော် ခဲ့ရ ပါတယ် ။
ဒုတိယပိုင်းမှာ စီးတီး တို့ ကစားပုံ ပိုကောင်းလာ ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုရလာခဲ့ ပါတယ် ။
ဂါဘရီရယ် ဂျေဆူး က ချေပဂိုး ပြန်သွင်းပေး ခဲ့ပေမယ့် ဒီဂိုးကို အစပြုခဲ့တဲ့ ဖီးလ် ဖိုဒန် လူကျွံ နေခဲ့တာကြောင့် ပယ်ဖျက် ခံခဲ့ရ ပါတယ် ။
အဲ့ဒိနောက် မှာတော့ ပဲလေ့စ် ဘက်က ဒုတိယဂိုး ရသွားခဲ့ပြီး စီးတီး တို့ ပြန်မလာနိုင်တော့ပါဘူး ။
“ဒါက အဝါ ဖြစ်ဖြစ် အနီဖြစ်ဖြစ် ပြလို့ရ ပါတယ် ။ အားလုံးက ကွင်းထဲက ဘော့စ် ( ဒိုင် ) ရဲ့ အလိုတော် အတိုင်းပါပဲ” လို့ စီးတီး နည်းပြ ဂွာဒီယိုလာ က ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။
ဒါပေမယ့် ဂျေဆူး ရဲ့ လူကျွံ ခဲ့တဲ့ ချေပဂိုး မရရှိမှု ကိုတော့ နည်းပြကြီး က အနည်းငယ် စောဒက တက်လိုခဲ့ကြောင်း သူ့ရဲ့ မှတ်ချက် စကားတွေက ဖော်ပြခဲ့ ပါတယ် ။
“ကျွန်တော်တို့ မရလိုက်တဲ့ ဂိုးနဲ့ ပတ်သက်ပြီး ပြောရရင်တော့ နည်းနည်း ခွကျ ချင်စရာ ပါပဲ ။
ပြီးခဲ့တဲ့ ဘရိုက်တန် နဲ့ ပွဲတုန်းက သူတို့ ( ဘရိုက်တန် ) ရသွားတဲ့ ဂိုးမှာလည်း မျဉ်းကြောင်း ( VAR line ) က ဒီအတိုင်းပါပဲ ၊ ဒါပေမယ့် ဂိုးကို ခွင့်ပြုခဲ့ ပါတယ် ။
ပထမဂိုး ပေးလိုက်ရ အပြီးမှာ ကျွန်တော်တို့တွေ ကောင်းကောင်း တုန့်ပြန် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ၁၀ ယောက် ၁၁ ယောက် ဖြစ်သွားတော့ ပိုခက်သွား ခဲ့တာပါ”
“ကျွန်တော့ ကစားသမားတွေက အရာအားလုံးကို ပေးဆပ် ခဲ့ကြပါတယ် ။
ဂိုးအစောကြီး ပေးလိုက်ရတာက ပြဿနာ ပါပဲ ။ သူတို့ ( ပဲလေ့စ် ) အခွင့်အရေး ဘယ်နှကြိမ်များ ရခဲ့တယ် ထင်လဲ ၊ အဲ့ဒိ ဂိုး တကြိမ် ပါပဲ ။ ထပ်မရတော့ ပါဘူး ။
ဒီပွဲက ပြီးခဲ့တဲ့ ရာသီ တုန်းက ရွိုင်းဟော့ဆန် လက်ထက်တုန်းက ပွဲမျိုးနဲ့ သွားတူ နေခဲ့ ပါတယ် ။ အဲ့တုန်းကလည်း ဒီလိုပဲ ကျွန်တော်တို့ ရှုံးသွား ခဲ့တာပါ ။
ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်း ခဲ့ပါတယ် ။ အခွင့်အရေးတွေ က အများကြီး မဟုတ်ပေမယ့် ဂိုးပြန်ရဖို့ လုံလုံ လောက်လောက် ရှိခဲ့ တာပါ ။
( ဒါတွေ မရတဲ့ နောက်မှာတော့ ) နောက်ဆုံးမှာတော့ တန်ပြန် တိုက်စစ် တချက်က ဘာမဆို ဖြစ်သွားနိုင် ခဲ့တာပါပဲ” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။
မန်စီးတီး ဟာ လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ အဖြစ် ကလပ် ဘရုဂျ် အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး တနင်္ဂနွေ နေ့ မှာတော့ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကို အိုးထရက်ဖိုဒ့်မှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။
SPORTS MYANMAR