နောဝှစ်ချ်နဲ့ ပွဲမှာ ဟက်ထရစ် ရခဲ့ပြီးနောက် ၊ တူချယ် ဟာ သူ့ကို mind game ကစားခဲ့တယ်လို့ အရွှန်းဖောက်လိုက်တဲ့ မေဆင်မောင့်

ချဲလ်ဆီး အသင်း ဟာ ယနေ့ည အစောပိုင်း က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဆင့် ၂၀ နေရာက တန်းတက် နောဝှစ်ချ် အသင်း ကို အင်္ဂလန်သားတွေရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့ အတူ ၇ – ၀ ရလဒ်နဲ့ အိမ်ကွင်း စတမ်ဖို့ဒ်ဘရစ်ချ် မှာ ဂိုးမိုးရွာခဲ့ပါတယ် ။

ဒီ ရလဒ်ကြောင့် ချဲလ်ဆီး ဟာ အမှတ်ပေးဇယားထိပ်မှာ အမှားအယွင်း မရှိ ဆက်လက် ရပ်တည်နိုင်ခဲ့သလို ၊ အနီးကပ် ပြိုင်ဖက် လီဗာပူး ၊ မန်စီးတီး တို့ကိုလည်း ယာယီ အမှတ် ထပ်ဖြတ်နိုင်ခဲ့ပါတယ် ။ ထိုပွဲမှာ ချဲလ်ဆီး ဟာ အဓိက တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ ရိုမီလူ လူကာကူနဲ့ တီမို ဗာနာ တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပါတယ် ။

သို့ပေမယ့်လည်း သွင်းဂိုးတွေ အတွက် ပူစရာမလိုခဲ့ပဲ ၊ အင်္ဂလန်သားနဲ့ အကယ်ဒမီထွက် ကြယ်ပွင့်တွေက ဒီ တာဝန်ကို အသီးသီး ယူပေးခဲ့ကြပါတယ် ။ Man of the Match ကတော့ ဟက်ထရစ်ရှင် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့် ဖြစ်ပါတယ် ။

မောင့် ဟာ ဒီမတိုင်ခင် က ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ရဖို့ ရုန်းကန်ခဲ့ရပြီး ၊ တိုက်စစ် အားသန်တဲ့ ကွင်းလယ်လူ တဦး ဖြစ်တဲ့အလျောက် ဂိုးမိုးခေါင်နေခြင်းနဲ့ ပတ်သက်ပြီးလည်း ဝေဖန်ခံခဲ့ရပါသေးတယ် ။ အခုအခါမှာတော့ မောင့် ဟာ ဟက်ထရစ်နဲ့ ထိုဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့ပါပြီ ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ မောင့်ဖက်က အပြည့်အဝ ကာကွယ်ထားပေးခဲ့ပြီး ၊ စိတ်ပိုင်းဆိုင်ရာ အရ ၎င်းမှာ ပင်ပန်းနွယ်နယ်မှုဒဏ်ကို ခံစားနေရကြောင်း သတင်းစာ ရှင်းလင်းပွဲတွေမှာ တုန့်ပြန် ဖြေကြားခဲ့ဖူးပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး မောင့် က တူချယ် ဟာ သူ့ကို ကြိုးစားလိုစိတ် ပိုဖြစ်အောင် mind game ကစားပြီး စိတ်ဓာတ်ဆွပေးခြင်း ဖြစ်ကြောင်း စနောက်ခဲ့ကာ ၊ ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး ရခဲ့တဲ့ ဟက်ထရစ် အပေါ်လည်း အခုလိုပဲ ဝမ်းမြောက်စကား ဆိုခဲ့ပါတယ် ။

ပွဲအပြီး BT Sport ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ မောင့် က ” ဒါဟာ နည်းပြကြီး mind game ကစားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ကျွန်တော် ဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရ မမောပန်းနေဘူး ဆိုတာ သူသိအောင် ပြသဖို့ လိုခဲ့တဲ့ သဘောပါပဲ ။ ”

” ကျွန်တော် ဟာ ပွဲတိုင်းကို ကစားခွင့် ရချင်တယ် ဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ် ။ ဒါပေမယ့် တခါတလေမှာ နောက်တလှမ်း ပြန်ဆုတ်ပြီး အားပြန်ယူရတဲ့ အခိုက်အတန့်တွေလည်း ရှိနိုင်ပါတယ် ။ ဒါပေမယ့် ဒီနေ့နဲ့ နောက်ပိုင်းပွဲတွေမှာ ကျွန်တော် ဟာ ခြေစွမ်းပြနိုင်မယ် ဆိုတဲ့ ယုံကြည်မှုမျိုး ရှိခဲ့ပါတယ် ။ ”

 

” ဒါကြောင့်လည်း ကျွန်တော် ဟာ ဒီနေ့ပွဲမှာ စိတ်အရမ်းလှုပ်ရှားခဲ့ပြီး ၊ အံ့သြဖွယ် စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တာပါ ။ ဒီ ဟက်ထရစ် ကို စောင့်နေတာ အချိန် အတော်ကြာခဲ့ပါပြီ ။ ဂိုးပေါက် ပျောက်ဆုံးနေတဲ့ ကာလနဲ့ ကြုံလာတဲ့အခါ ခင်ဗျား ဟာ ကိုယ့်ကိုယ်ကို ဂိုးသွင်းဖို့ အကြောင်းပဲ တချိန်လုံး ဖိအားပေးနေရပါတယ် ။ ”

” ဒီနေ့ကတော့ အရင်လို ဂိုးပေါက် ပြန်တွေ့ဖို့ အတွက် အချိန်ကျပြီလို့ ခံစားခဲ့မိပြီး ၊ တကယ်လည်း ဆန္ဒနဲ့ လက်တွေ့ ထပ်တူကျခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR