နူနို တာဗာရက်စ် ရဲ့အကြီးမားဆုံး အရည်အသွေးတွေကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ အာတီတာ

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ ဟာ အက်စတွန်ဗီလာ နဲ့ ပွဲမှာ ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ပွဲဦးထွက် ကစားခွင့် ရရှိပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ နူနို တာဗာရက်စ် ရဲ့ အရည်အသွေးတွေကို ထုတ်ဖော် ချီးကျူး လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဘင်ဖီကာ အသင်း ဘယ်နောက်ခံလူ နူနို တာဗာရက်စ် ကို ယူရို ၈ သန်း နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ တီယာနေး ရဲ့အရန်အဖြစ် တာဗာရက်စ် ကို ခေါ်ယူ ခဲ့တာပါ ။

အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ တာဗာရက်စ် ဟာ ရိန်းဂျား အသင်း နဲ့ ခြေစမ်းပွဲမှာ သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့ပြီး ပွဲချိန် ၂၃ မိနစ်မှာ ဂန်းနားတို့ အတွက် အဖိုးတန် ချေပဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ရာသီသစ်စတင်ချိန်မှာတော့ တာဗာရက်စ် ဟာ အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး တီယာနေး ဒဏ်ရာကြောင့် မကစားနိုင်တဲ့ အက်စတွန်ဗီလာ နဲ့ ပွဲမှာ ပွဲထွက် ကစားပြီး ပရိသတ်တွေ မျက်စိကျစေမယ့် စွမ်းဆောင်ရည်မျိုး ပြသ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ က ကွင်းထဲမှာ တာဗာရက်စ် ရဲ့အကြောက်အလန့် မရှိ ရဲရဲဝင့်ဝင့် ကစားဟန် ကို အရင်ကတည်းက သဘောကျမိတာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

 

” ကျွန်တော်တို့ သူ့ကို လေ့လာ စောင့်ကြည့်ခဲ့တဲ့ အချိန်တိုင်းမှာ ဒီအချက်ကို သဘောအတွေ့မိဆုံးပါပဲ ၊ သူ့ကို ရှာဖွေ ခေါ်ယူ နိုင်ခဲ့တဲ့ အတွက် အီဒူး နဲ့ ကင်းထောက် အဖွဲ့ကို ချီးကျူး အသိအမှတ် ပြုရမှာပါ ၊ အာဆင်နယ် အတွက် ကျွန်တော်တို့ ဘယ်လို ကစားသမားမျိုးကို လိုချင်သလဲ ဆိုတာ ဆွေးနွေးတိုင်းမှာ ဒီအချက်က ပါဝင်ပါတယ် ။ ”

” နူနို ဆီမှာ ဖိအားတွေကို ရင်ဆိုင် ကျော်ဖြတ်နိုင်စွမ်း ၊ ကိုယ့်ကို အသင်းက လိုအပ်နေချိန်မှာ ကစား ပေးနိုင်စွမ်း ၊ ပွဲဆက်တိုက် ကစားခွင့် မရနေရာကနေ ကစားခွင့် ရလာချိန်မှာ အကောင်းဆုံး ကစားနိုင်စွမ်းတွေ ရှိပါတယ် ။ ဒါတွေအတွက် သူ့ကို ချီးကျူး ဂုဏ်ပြုရမှာပါ ။ ”

” သူ့ရဲ့ အကြီးမားဆုံး အရည်အသွေးက ကစားခွင့် ရချိန်တိုင်း အသင်းအတွက် အကြောက်အလန့်မရှိ ကစားပေးနိုင်တာပါပဲ ၊ ပွဲဦးထွက် ကစားဖို့ ကြောက်မနေသလို သူ စွန့်စားပြီး လုပ်ဆောင်ရမယ့် အရာတွေကို ရဲရဲဝင့်ဝင့် လုပ်သွားပါတယ် ။ ”

” နောက်ပြီး သူဟာ ကြံ့ခိုင်မှု ကောင်းပြီး ပင်ကိုပါရမီ ရှိတာကိုလည်း ခင်ဗျားတို့ တွေ့ကြမှာပါ ။ သူက ပြေးလွှား ကစားနိုင်ပြီး အမြန်နှုန်း နဲ့ ဦးတည်ရာကိုလည်း လိုသလို ပြောင်းလဲ ကစားနိုင်ပါတယ် ၊ သူက နည်းစနစ်ပိုင်း ပိုင်နိုင်တဲ့ ကစားသမား တစ်ဦးပါ ။

” ဒါပေမယ့် ကျွန်တော့်အတွက် အရေးအကြီးဆုံးက သူဟာ ခံစစ် ကစားသမား တစ်ဦး ဖြစ်တယ် ၊ ဒါကြောင့် ခံစစ်ကို ကာကွယ်ဖို့က သူ့ရဲ့ အဓိက တာဝန် ဖြစ်တယ် ၊ အဲ့ဒါပြီးမှ သူ့ရဲ့ တခြား အရည်အသွေးတွေနဲ့ အသင်းကို ထောက်ပံ့ ကူညီ ပေးရမယ် ဖြစ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM