နိုင်းလ်စ် နဲ့ အန်ခီတီးယားတို့ တောက်ပခဲ့ပြီး ပေပေ ၊ မာတီနယ်လီ တို့ ရုန်းကန် ခဲ့ရတဲ့ အာဆင်နယ် ၂-၀ လိဒ်ယူနိုက်တက်ပွဲမှ ဂန်းနားတို့ရဲ့ rating များ

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ခါရာဘောင်း ဖလား စတုတ္တအဆင့်မှာ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် လိဒ်ယူနိုက်တက် အသင်းကို နှစ်ဂိုးပြတ် အနိုင် ရသွားခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း သွားခဲ့ပါတယ် ။

 

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ လိဒ်ယူနိုက်တက် နဲ့ ပွဲမှာ အဓိက ပွဲထွက် ကစားသမား ဆိုလို့ စမစ်ရို ၊ ဘန်ဝှိုက် တို့ကိုသာ အသုံးပြု ခဲ့ပြီး ကျန်ကစားသမားတွေကတော့ ပွဲထွက်ကစားခွင့် သိပ်မရတဲ့ အရန် ကစားသမားတွေကို ပွဲထွက် ကစားစေခဲ့ပါတယ် ။

အာဆင်နယ် အသင်း နဲ့ လိဒ်ယူနိုက်တက် အသင်းတို့ဟာ ပထမပိုင်း ပွဲချိန်အတွင်း ဂိုးမရှိ သရေရလဒ် ထွက်ပေါ် နေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှသာ အာဆင်နယ် အသင်းဘက်က ဂိုးတွေ သွင်းခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၅၅ မိနစ်မှာ စမစ်ရို ရဲ့ထောင့်ကန်ဘောကနေ ပေပေ ရဲ့ ခေါင်းတိုက် ချပေးမှုကို လူစားဝင် ကစားသမားချန်ဘာ က ထပ်ဆင့် ခေါင်းတိုက် ခဲ့တာ ဖြစ်ပါတယ် ။ ဒုတိယဂိုးကတော့ ပွဲချိန် ၆၉ မိနစ်မှာ လိဒ်ယူနိုက်တက် ကစားသမားတွေရဲ့ နားလည်မှု လွဲမှားမှုကနေ အန်ခီတီးယား က ဘောလုံး ကြားဖြတ် ရယူပြီး ဂိုးသမားကို လှလှပပ ကျော်ဖြတ် သွင်းယူ သွားခဲ့တာပါ ။

အာဆင်နယ် ၂-၀ လိဒ်ယူနိုက်တက် ပွဲမှ အာဆင်နယ် ကစားသမားများရဲ့ rating ကို ဖော်ပြ ပေးလိုက်ပါတယ် ။

လီနို(၇) – ပထမပိုင်း ပွဲချိန် အတွင်းမှာ လီနို ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့်သာ အာဆင်နယ် အသင်း ဂိုးတွေ ခွင့်မပြု ခဲ့ရတာပါ ။ သူ့ရဲ့ ဘောလုံး ပေးပို့မှုတွေဟာ ရမ်စ်ဒဲလ် လောက်တော့ ကောင်းမွန်ခြင်း မရှိသေးပါဘူး ။

ဆစ်ဒရစ်(၆) – ပေါ်တူဂီ သားရဲ့ စွမ်းဆောင်ရည်ကတော့ ခံစစ်ပိုင်းမှာ တာဝန် ကျေခဲ့ပြီး သင့်တင့် ကောင်းမွန်တယ်လို့ ဆိုရမှာပါ ။ ဖြတ်တင်ဘောတွေ ပြုလုပ်ရာမှာ ဘယ်ခြေ ညာခြေ ရွေးနေတာကတော့ ကြည့်ရ သိပ်မကောင်းခဲ့ပါဘူး ။

ဟိုးလ်ဒင်း(၇) – နောက်တန်းကနေ ဘောလုံး ကောင်းကောင်း ဆွဲပြေး ကစားနိုင်ခဲ့ပြီး အရင်ကနဲ့ မတူဘဲ ဘောလုံးကိုင်ကစားတာ ကောင်းမွန် ခဲ့ပါတယ် ။ မာရီ ဖျားနေချိန် ၊ ဘန်ဝှိုက်လိုပဲ ဟိုးလ်ဒင်းလည်း ဒဏ်ရာ ရသွားခဲ့တာကြောင့် လက်စတာ နဲ့ ပွဲအတွက် စိုးရိမ်စရာပါပဲ ။

ဘန်ဝှိုက်(၇) – အသင်းဟောင်း နဲ့ ပြန်လည် ရင်ဆိုင်ရတဲ့ ပွဲမှာ ဘန်ဝှိုက် ဟာ ယုံကြည်မှု ရှိရှိနဲ့ လိဒ်ယူနိုက်တက် အသင်း ရဲ့ နေရာလွတ်တွေဆီ ဘောလုံး ဆွဲပြေး ပေးပို့မှုတွေ လုပ်ဆောင် ခဲ့ပါတယ် ။ ဒဏ်ရာရသွားတာကတော့ အာဆင်နယ် အတွက် စိုးရိမ်စရာပါပဲ ။

ကိုလာစီနက်(၆) – ကိုလာစီနက် ပွဲထွက်လာပြီး လက်စတာနဲ့ ပွဲအတွက် တာဗာရက်စ် ကို အနား ပေးထားတာဟာ တီယာနေး ရဲ့ ဒဏ်ရာဟာ ပေါ့သေးသေး မဟုတ်ဘူးဆိုတာ ပြသ နေတာပါပဲ ။ ကိုလာစီနက် ဟာ တိုက်စစ်လိုက်ပါမှု ကောင်းခဲ့သလို ခံစစ်မှာလည်း တာဝန် ကျေခဲ့ပါတယ် ။

အယ်နီနီ(၅) – အီဂျစ်သားရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို မြင်တွေ့ ခွင့်ရတဲ့ပွဲ မဟုတ်ခဲ့ဘဲ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ် ။

နိုင်းလ်စ်(၈)- နိုင်းလ်စ် တစ်ယောက် သူ့စိတ်ကြိုက် နေရာမှာ အကောင်းဆုံး ကစားပြ နိုင်ခဲ့တဲ့ ပွဲပါ ။ ဘောလုံးကို သက်သောင့်သက်သာ ကိုင်ကစား နိုင်ခဲ့ပြီး ခံစစ်ကိုလည်း ကာဗာ လုပ်ပေး နိုင်ခဲ့ပါတယ် ၊ အသင်းဖော်တွေကိုလည်း ဦးဆောင် ညွှန်ကြားတာမျိုးလည်း လုပ်နိုင်ခဲ့ပါတယ် ။

 

စမစ်ရို(၆) – စမစ်ရို ကတော့ အာဆင်နယ် အသင်းမှာ နေရာစုံကို ကစားနေတာပါ ၊ ဒီနေ့ပွဲမှာလည်း စမစ်ရို ဟာ အလယ် ပြန်ရောက်လာခဲ့ပြီး ခြေပေါ်ဖို့တော့ ရုန်းကန် နေခဲ့ရပါတယ် ။

ပေပေ(၄) – ပေပေ ရဲ့ စိတ်ပျက်စရာ စွမ်းဆောင်ရည်ကို ထပ်မံ မြင်တွေ့ ခဲ့ရတဲ့ ပွဲတစ်ပွဲပါပဲ ၊ ပေပေ ရဲ့ ကစားဟန်ဟာ ပြိုင်ဘက်တွေ အတွက် ခန့်မှန်းရ လွယ်ကူလွန်းခဲ့ပြီး သူ့ရဲ့ဘောလုံး ထိန်းသိမ်းမှုတွေကလည်း ဆိုးရွားခဲ့ကာ ကန်ချက်တွေကလည်း ထိရောက်မှု မရှိခဲ့ပါဘူး ။

အန်ခီတီးယား(၇) – အက်ဒီ ကတော့ ခါရာဘောင်းဖလားပွဲတွေမှာ ဖုန်းလက်ခံ ဖြေကြား(သူ့ရဲ့အောင်ပွဲခံပုံ) ဖို့ အမြဲ အဆင့် ရှိနေသူလို့ ဆိုရလောက်အောင် ဖလားပွဲ ၈ ပွဲ ကစားရာမှာ ၇ ဂိုးအထိ သွင်းယူ ပေးထား နိုင်ပါတယ် ။ ဒီနေ့ပွဲရဲ့ Man of the Match ဆုလည်း ရသွားပါတယ် ။

 

မာတီနယ်လီ(၅) – ပြိုင်ဘက် ခံစစ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး ။ မလိုအပ်ဘဲ ဘောလုံး ကိုင်ကစားတဲ့ အချိန် များနေခဲ့ပြီး စိုးရိမ်စိတ်တွေနဲ့ လောလော လောလောနဲ့ ကစားနေခဲ့ပါတယ် ။

လူစားဝင်ကစားသမားများ – ချန်ဘာ(၇) ၊ လိုကွန်ဂါ(၆) ၊ လာကာဇက်(၆) ၊ တာဗာရက်စ်(-) ။

SM