နာဘီ မနာတော့ဘူး လို့ အတည်ပြုလိုက်တဲ့ ကလော့ပ်

ပုံစံကောင်းတွေ ဆက်တိုက် ပြသနေတဲ့ လီဗာပူး အသင်းဟာ ဒီတပတ်မှာတော့ ဘရိုတ်တန် အသင်း ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ တလလုံးနီးပါး အဝေးကွင်းပွဲစဉ်တွေပဲ ဆက်တိုက် ကစားနေရတဲ့ ကလော့ပ် ရဲ့ အသင်းသားတွေ အတွက် ပထမဆုံး အကြိမ် အန်ဖီးလ် ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားရမယ့် အချက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြန်လည် လန်းဆန်းမှုအတွက် အများကြီး အထောက်အပံ့ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ဒဏ်ရာရ ကစားသမား တချို့လဲ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်တာကြောင့် ၊ ကွင်းလယ် ကစားသမား အင်အာ နည်းပါးနေတဲ့ အချက်ကို ဖြေရှင်းသွားနိုင်ဖွယ် ရှိနေပါတယ်။

နာဘီ ကီတာ ဟာ ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေါ့ဘာ ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့ ထုတ်သွားခဲ့ရပေမယ့် ၊ ဆေးစစ်ချက်တွေ လုပ်ဆောင်ပြီး နောက်ပိုင်း အတွင်းပိုင်း ကျေမွ သွားခြင်း မရှိတာကြောင့် မနေ့ကပဲ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။

နည်းပြ ကလော့ပ် ကတော့ အေတီကို နဲ့ ယူနိုက်တက် အသင်းတွေ ဘက်ကို ဂိုးတွေ ဆက်တိုက် သွင်းပြတဲ့ သူ့ရဲ့ ကွင်းလယ် ကစားသမားဟာ ဘရိုတ်တန် နဲ့ ပွဲမှာ ပါဝင် ကစားပေးဖို့ အဆင်သင့် ပြန်ဖြစ်နေလိမ့်မယ်လို့ ပြောဆိုသွားခဲ့ ၊ အခြား ကွင်းလယ် ကစားသမား နှစ်ယောက် ဖြစ်တဲ့ ဖာဘင်ဟို နဲ့ တီယာဂို တို့ရဲ့ အနေအထားတွေကိုလဲ အခုလို ပြောပြသွားခဲ့ ပါတယ်။

“ နာဘီ က တော်တော်လေးကို ပြန်ကောင်းနေပါပြီ ။ ကျနော်တို့ အားလုံးတောင် သူ့ကို ကြည့်ရင်း အံ့အားသင့်နေကြပါတယ်။ ဒါပေမယ့် အတွင်းပိုင်းက ဘာမှ မဖြစ်သွားတာပဲ ကံကောင်းတယ် ပြောရမှာပါ။ ကျနော့် အထင်တော့ သူဟာ ဘရိုတ်တန် နဲ့ ပွဲမှာ ဝင်ရောက် ကစားဖို့ အဆင်သင့် ဖြစ်နေလောက်ပါပြီ။

ဖာဘင်ဟို ကတော့ သိပ်မကောင်းသေးဘူးဗျ။ သူ့ ရဲ့ ဒဏ်ရာက နည်းနည်းလေးတော့ ရှုပ်ထွေးပါတယ် ။ ဒါပေမယ့် အရမ်းကြီးလဲ မရှုပ်ထွေးပြန်ပါဘူး။ ကျနော် ကိုယ်တိုင်တောင် ဆေးအဖွဲ့ကနေ ပေးပို့လာမယ့် နောက်ဆုံး အခြေအနေတွေကို စောင့်ဆိုင်းနေဆဲပါ။ ဒါပေမယ့် သူဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်မဆင်းနိုင်သေးတဲ့ အချက်က ကောင်းတဲ့ လက္ခဏာမျိုးတော့ မဟုတ်ပါဘူး။

တီယာဂို က မနေ့ကပဲ အသင်းနဲ့ အတူ ပြန်ပြီး လေ့ကျင့်ခန်း အစီအစဉ်တွေ ပူးပေါင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအဓိပ္ပါယ်က ဘရိုတ်တန် နဲ့ ပွဲမှာ ကစားပေးနိုင်မယ်လို့ ယူဆလို့ မရပါဘူး။ သူ့အတွက် နောက်ထပ် ဘာတွေ ထပ်လုပ်ပေးရမလဲ ဆိုတာ တိုင်ပင်ရဦးမှာပါ။

သေချာတာ ကတော့ သူလဲ အရင်ကထက် စာရင် ပြန်ကစားပေးနိုင်ဖို့ တော်တော်လေး နီးစပ်နေပါပြီ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီး အဖြစ် မိုက်ဒင်း က တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပြီး ၊ VAR ဒိုင်လူကြီး အဖြစ် ကိုဗင် ဖရိုင်း က ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လီဗာပူး ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် 2 ပွဲမှာ ဝက်ဖို့ဒ် အသင်း နဲ့ ယူနိုက်တက် တို့ကို 5-0 ရလာဒ်တွေ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ အကယ်လို့သာ ဒီပွဲမှာ အလားတူ စွမ်းဆောင်ရည်တွေ ဆက်လက် ပြသနိုင်မယ် ဆိုပါက 2010 ခုနှစ်က ချဲဆီး ၊ 2017 ခုနှစ်က မန်စီးတီး နောက်ပိုင်း ပရီးမီးယားလိဂ် မှာ 3 ပွဲ ဆက်တိုက် 5 ဂိုး နဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံး အသင်း အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

လီဗာပူး တိုက်စစ်ကစားသမား မို ဆာလာ ကတော့ ပရီးမီးယားလိဂ် အပတ်စဉ် 9 ကစားပြီးချိန်မှာ စုစုပေါင်း သွင်းဂိုး 10 ဂိုး အထိ ရယူထားပါတယ်။

SPORTS MYANMAR