နာဘီကီတာကို ပထမပိုင်းအပြီးမှာတင် လူစားလဲပစ်ခဲ့တဲ့ အကြောင်းရင်းနဲ့ လီဗာပူးတို့ လုပ်ခဲ့တဲ့ အမှားအယွင်းတွေကို ထောက်ပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က မနေ့ညက အက်သလက်တီကိုကို အနိုင်ရရှိခဲ့တဲ့ ဒရမ်မာဆန်လှတဲ့ ချန်ပီယံလိဂ် ပွဲစဉ် အပြီးမှာ ပွဲအတွင်း လီဗာပူးရဲ့ ပေးဂိုးတွေနဲ့ ခံစစ် ကစားပုံ အားနည်းမှုအတွက် နာဘီကီတာ တစ်ဦးတည်းကိုသာ လက်ညှိးထိုး အပြစ်မတင်ရန် ပြောသွားပါတယ်။ လီဗာပူးဟာ ပွဲအစ ၁၃ မိနစ်မှာတင် မီနာ ကီတာ တို့ရဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုး ၂ ဂိုး ပြန်လည် ပေးခဲ့ရကာ ဆာလားရဲ့ ၇၈ မိနစ် ပင်နယ်တီ သွင်းဂိုးကြောင့် အဝေးကွင်းမှာ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကီတာဟာ လီဗာပူးအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း လုပ်အား နဲ့ တိုက်စစ်ကို ပံ့ပိုးမှုအပိုင်းမှာ အားရစရာ မရှိခဲ့တဲ့ အပြင် အက်သလက်တီကိုရဲ့ ဂိုး ၂ ဂိုးမှာလည်း ၎င်းရဲ့ ခံစစ်ကစားပုံ အားနည်းချက်တွေက အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပထမပိုင်း အပြီးမှာ ဖာဘင်ညိုနဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပြီး ကလော့ကတော့ သူ့ကစားသမား ဘက်ကနေ ထုံးစံအတိုင်း ကာကွယ်ပြောဆို ပေးသွားခဲ့ပါတယ်။

ကလော့က “ပထမဦးဆုံး ပြောချင်တာက ပြိုင်ဘက်ရဲ့ ချေပဂိုး ၂ ဂိုးကြောင့် နာဘီကို လူစားလဲခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ညာခြမ်းမှာ ခံစစ်ကို ဒီထက်ပိုကောင်းအောင် ကစားဖို့ မဖြစ်မနေ လိုအပ်ခဲ့လို့ပါ။ ခံစစ် ကစားရာမှာ ကျွန်တော်တို့ရဲ့ ကစားကွက်ဟာ အနည်းငယ် wide ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် နာဘီဟာ ဂိုးသွင်းနိုင်ခဲ့သလို ချိတ်ဆက်ကစားမှုတွေ ဘာတွေ လုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော် သူနဲ့ စကား ပြောထားခဲ့ပြီးသားပါ။

ပထမပိုင်းရဲ့ နောက်ဆုံး ပွဲချိန်တစ်ဝက်က ကစားပုံဟာ နာဘီကြောင့် မဟုတ်ဘူးဆိုတာကို အားလုံးသိအောင် ရှင်းပြဖို့ဟာ ကျွန်တော့်အတွက် တကယ် အရေးပါပါတယ်။ သူဟာ တကယ့် ပုံစံကောင်းမှာ ရှိနေပါတယ်။ ဒါပေမယ့် သူဟာ ဂီနီယာ အတွက် ၃ ပွဲဆက်တိုက် ကစားခဲ့ရတဲ့ အပြင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း မိနစ် ၉၀ ကစားခဲ့ပါတယ်။ ပြီးတော့ ဒီနေ့မှာလည်း ပွဲထွက်ခဲ့ရပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ၄၅ မိနစ်ဟာ သူ့အတွက် အသင့်တော်ဆုံးပါပဲ။” လို့ ရှင်းပြလိုက်ပါတယ်။

ကလော့ဟာ အက်သလက်တီကိုကို ရုပ်ဆိုးဆိုးနဲ့ အနိုင်ယူကာ အုပ်စုကျပ်မှာ ၃ ပွဲ ကစား ၃ ပွဲစလုံး အနိုင်ရရှိခဲ့တဲ့ အပေါ် ဝမ်းမြောက်လျက် ရှိနေပါတယ်။

ကလော့က “အက်သလက်တီကိုဟာ လူတစ်ယောက် လျော့သွားချိန်မှာတောင် ပြိုင်ဆိုင်မှု ပြင်းထန်နေဆဲ ဖြစ်တာကြောင့် ကျွန်တော်တို့ အစွမ်းကုန် ကာကွယ်မှုတွေ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ရုပ်ဆိုးဆိုးနဲ့ ရရှိခဲ့တဲ့ အနိုင် ၃ မှတ်ဟာ များသောအားဖြင့် အရေးပါဆုံး ဖြစ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံး ကစားပုံကို ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို အနိုင်ယူခဲ့ပြီး ဒါဟာ ကြီးမားတဲ့ ခြေလှမ်းဖြစ်ပါတယ်။

ဒီနှစ်သင်းတွေ့ဆုံတဲ့ အချိန်တိုင်း ဒရမ်ဆန်တဲ့ အရာတွေကတော့ အမြဲ ဖြစ်လေ့ရှိတက်ပါတယ်။ နှစ်သင်းစလုံးဟာ ကောင်းကောင်း တိုက်ပွဲဝင်လေ့ ရှိတဲ့ အသင်းတွေ ဖြစ်ကာ သူတို့ လိုချင်တဲ့ အရာတွေ အတွက် တိုက်ပွဲဝင်လေ့ ရှိပါတယ်။ ဒီပွဲရဲ့ ပုံပြင်ကလည်း စပယ်ရှယ်ပါပဲ။ ဘာလို့လဲဆိုတော့ ပွဲအစ ၁၃ မိနစ်နဲ့ အက်သလက်တီကိုကို ၂-၀ နဲ့ ဦးဆောင်နိုင်တာဟာ ဖြစ်လေ့ဖြစ်ထိ မရှိပါဘူး။

လူသားတွေရဲ့ ဦးနှောက်ဟာ ကိုယ့်ရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်တက်ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေကို လွဲမှားစွာ အထကောက်ခဲ့ပါတယ်။ ကျွန်တော်တို့ မှားယွင်းတဲ့ နည်းလမ်းနဲ့ ပွဲကို ထိန်းချုပ်ချင်ခဲ့ပြီး မှားယွင်းတဲ့ နေရာလွတ်တွေမှာ ကစားခဲ့ပါတယ်။ ပြီးတော့ အားလုံးသိတဲ့အတိုင်းပဲ လွယ်ကူတဲ့ ပေးဂိုး ၂ ဂိုး ခွင့်ပြုခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ ကျွန်တော် ကောင်လေးတွေကို ပြောခဲ့ပါတယ်။ ပွဲမတိုင်မီကထက် အခုသူတို့အကြောင်းကို ပိုသိသွားတာဟာ ကောင်းတဲ့အရာလို့ပါ။ မှန်ကန်တဲ့ နေရာလွတ်တွေကို အသုံးပြုနိုင်အောင် ကျွန်တော်တို့ ပြသခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ၊ ပင်နယ်တီ အခြေအနေတွေကြောင့် ပွဲဟာ ပိုပြီး ဒရမ်မာဆန်လာခဲ့ပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM