နယူးကာဆယ်နဲ့ ပွဲမှာ ပရိသတ်တွေ ချီးကျူးဖို့ မေ့လျော့နေတဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ တူချယ်

 

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒီရာသီ နိုင်ပွဲ မရသေးတဲ့ အဆင့် ၁၉ နေရာက နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ ဒုတိယပိုင်း က သွင်းဂိုးတွေနဲ့ အတူ ၃ဂိုးပြတ် အနိုင်ရပြီး ၊ ဇယားထိပ်ကနေ နောက်ထပ် ရမှတ် အချို့ ထပ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာလည်း ချဲလ်ဆီး အသင်း ဟာ တိုက်စစ် အတွဲအဖက် မစုံမလင် ကစားခဲ့ရပေမယ့် ၊ အကယ်ဒမီထွက်တွေနဲ့ အင်္ဂလန် ကြယ်ပွင့်တွေရဲ့ ကယ်တင်မှုနဲ့ အတူ နိုင်ပွဲ တပွဲ သက်တောင့်သက်သာ ထပ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။

အထူးသဖြင့် အနိုင်ဂိုး ၂ဂိုးကို rockect ကန်ချက်နဲ့ လှလှပပ ရယူခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဟာ ဒီပွဲရဲ့ Man of the Match ဖြစ်ခဲ့ပါတယ် ။ ဒါ့အပြင် လူစားဝင် အင်္ဂလန်သား ကစားသမား ၂ဦး ဖြစ်တဲ့ ရော့စ် ဘာကလေနဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ဟာလည်း ပွဲရဲ့ tempo ကို အများကြီး ပြောင်းလဲစေခဲ့ပါတယ် ။

အလားတူ နောက်ပိုင်း ပွဲဆက် ဘယ်တောင်ပံ တိုက်စစ်မှာ ပြန်ကစားခွင့် ရနေတဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာလည်း ရိစ်ဂျိမ်းစ်ရဲ့ အဖွင့်ဂိုး အတွက် နယူးကာဆယ် ခံစစ်ကို လိမ်ခေါက်ကာ ၊ ဖြတ်တင်ပေးပို့မှု လုပ်ပေးနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ဒီပွဲမတိုင်မီ နောက်ဆုံး ၄ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဘယ် wing-back က ဘန်ချေဝဲလ် ဟာလည်း အိုဒွိုင်း အလိမ်အခေါက်နဲ့ ဖန်တီးမှု လုပ်ပေးနိုင်ဖို့ အတွက် ၊ နေရာလွတ် ရှာဖွေပေးနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ အနိုင် ၃မှတ် ယူပေးတဲ့ နေရာမှာ အခရာကျခဲ့တဲ့ ရိစ်ဂျိမ်းစ်ကို ချီးမွမ်းခန်း ဖွင့်ခဲ့ရုံမက ၊ အဖွင့်ဂိုး အတွက် ကြိုးစား အားထုတ်မှုတွေ လုပ်ခဲ့တဲ့ အိုဒွိုင်းနဲ့ ချေဝဲလ် တို့ကိုလည်း ချီးကျူးဖို့ မမေ့ဖို့ကိုလည်း အခုလိုပဲ ပြောကြားခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ( စနောက်တဲ့ အနေနဲ့ ) တီမိုနဲ့ ရိုမီလူကိုလည်း ကျွန်တော်တို့ wing-back မှာ စမ်းသုံးကြည့်ရတော့မယ့်ပုံပါပဲ ။ ဒီနေ့ပွဲက မတူညီတဲ့ အကြောင်းအရာတွေ ရောနှောနေခဲ့ပါတယ် ။ ကော်လမ်သာ အလိမ်အခေါက် လုပ်ပြီး ၊ ဖြတ်တင်ဘောကနေ ဖန်တီးမှု မလုပ်ပေးခဲ့ဘူးဆိုရင် ၊ ချီလီသာ နေရာလွတ် မရှာပေးခဲ့ဘူး ဆိုရင် ရိစ်လည်း ဂိုးသွင်းနိုင်ဖို့ အကြောင်းမရှိပါဘူး ။ ”

 

” အထောင် တိုက်စစ်မှာ ကိုင် ကို တည်ထားပြီး ၊ ကွင်းလယ် တိုက်စစ်မှာ ရော့စ်နဲ့ အစားထိုးပြီး နည်းစနစ် အနည်းငယ် အပြောင်းအလဲ လုပ်လိုက်တာက ကျွန်တော်တို့ရဲ့ တိုက်စစ်ကို ပိုပြီး အန္တရာယ် ရှိသွားစေခဲ့ပါတယ် ။ ကိုင် အနောက်မှာလည်း ရူဘင် က ဂိုးဖန်တီးဖို့ ၊ ခြိမ်းခြောက်ဖို့ အသင့်ရှိနေခဲ့ပါတယ် ။ ”

” ဒါကြောင့်မို့ တခါတလေမှာ အသင်းရဲ့ အထောင် တိုက်စစ် နေရာ က ကစားသမားတွေဟာ တခြား အသင်းဖော်တွေ ဂိုးသွင်းခွင့် ရနိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကို စတေးပြီး ၊ နေရာလွတ် ရှာဖွေပေးရတာ ဖြစ်ပါတယ် ။ အမြဲတမ်း ဒီလိုမျိုးပဲ ကျွန်တော်တို့ ချဉ်းကပ် ကစားသွားမှာပါ ။ ”

” ဂိုးပေါက် ကန်သွင်းဖို့ အတွက် ခင်ဗျား အနေနဲ့ ထွေထွေထူးထူး လေ့ကျင့်နေစရာ မလိုပါဘူး ။ ရိစ် အတွက်လည်း ကျွန်တော်တို့ဟာ ဂိုးပေါက် ကန်သွင်းဖို့ အတွက် လေ့ကျင့်ခန်း ပေးစရာ မလိုပါဘူး ။ သူဟာ မြင်းတကောင်ရဲ့ အားနဲ့ ဂိုးပေါက် ကန်သွင်းနိုင်စွမ်း ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR