နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ သတင်းကြီးနေတဲ့ ဆိုးလ်ရှား နဲ့ နူနို ဆန်တိုစ့် ကို အားပေးစကား ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ ရလဒ်တွေ ဆိုးရွား နေတာကြောင့် ဖိအားတွေ များနေပြီး နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ချေ ရှိနေတဲ့ ဆိုးလ်ရှား နဲ့ နူနို ဆန်တိုစ့် တို့ကို စာနာ အားပေး စကား ပြောကြား သွားခဲ့ပါတယ် ။

အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ခါးသီး ပြိုင်ဘက် လီဗာပူး အသင်းကို ၅ ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ ရာထူး ကနေ ထုတ်ပယ် ခံရဖို့ ရေပန်း အစားဆုံး ဖြစ်လာ ခဲ့ပါတယ် ။

မန်ယူနိုက်တက် နည်းပြ ရာထူးအတွက် ဇီဒန်း ၊ အန်တိုနီယို ကွန်တီ တို့နဲ့ သတင်းတွေ ထွက်နေပေမယ့်အခု လက်ရှိ အချိန်မှာ ဆိုးလ်ရှား ရဲ့နည်းပြ ရာထူးကတော့ safe ဖြစ်နေသေးတယ်လို့ သိရပါတယ် ။

တော့တင်ဟမ် အသင်း နည်းပြ နူနို ဆန်တိုစ့်ဟာလည်း မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို ရှုံးနိမ့်ပြီးနောက် နည်းပြ ရာထူး လှုပ်ခတ်မှု ရှိနေသူ ဖြစ်ပါတယ် ။ ဒီတစ်ပတ်မှာ နည်းပြ ရာထူး ကနေ ထုတ်ပယ် ခံရဖို့ ရေပန်းစားနေတဲ့ ဆိုးလ်ရှား ရဲ့ မန်ယူနိုက်တက် နဲ့ နူနို ဆန်တိုစ့်ရဲ့ တော့တင်ဟမ် တို့ ထိပ်တိုက် တွေ့ဆုံ နေကြပါတယ် ။

 

ဒီရာသီ အစမှာ အဖွင့်ပွဲစဉ် (၃) ပွဲဆက် ရှုံးပြီး ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင် ခဲ့ရပြီး ရာထူးကနေ ထုတ်ပယ် ခံရဖို့ နီးစပ်ခဲ့ဖူးတဲ့ အာဆင်နယ် နည်းပြ အာတီတာ ဟာ လက်စတာ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဆိုးလ်ရှား နဲ့ နူနိုဆန်တိုစ့် တို့ နှစ်ဦးကို စာနာ အားပေးစကား ပြောကြား သွားခဲ့ပါတယ် ။

 

အာတီတာ က ” ရလဒ်ကောင်း ရလား မရလားကိုပဲ အဓိက ကြည့်ကြတာပေါ့ ၊ ကျွန်တော်တို့ အားလုံး ဒါကို သိကြပါတယ် ၊ လူတွေက ကျန်တဲ့ အပိုင်းကို သိပ်အလေးမထားကြပါဘူး ၊ အခက်အခဲတွေ ကြုံနေရချိန်မှာ ရလဒ်ကောင်း ရဖို့လိုတာက နည်းပြ အားလုံး အတွက် အတူတူပါပဲ ။ ”

” ဒီလို အခြေအနေမျိုးကို ကြုံတွေ့ ကျော်ဖြတ်နေရတဲ့ နည်းပြတွေ အတွက်ကတော့ ကောင်းမွန်တဲ့ အခိုက်အတန့် တစ်ခုတော့ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် ၊ ချဲလ်ဆီး ၊ မန်စီးတီး တို့ကို ဆက်တိုက် ရှုံးနိမ့် ခဲ့ပြီး အမှတ်ပေး ဇယား အောက်ဆုံး အထိ ရောက်ရှိ ခဲ့ပါတယ် ။ ပွဲစဉ် (၄) မှာတော့ အာဆင်နယ် အသင်းဟာ နိုင်ပွဲ စတင် ရရှိ သွားခဲ့ပြီး လိဂ်ပြိုင်ပွဲနောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားကာ အဆင့် ၁၀ ကို ပြန်လည် တက်လှမ်း လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အဆင့် ၁၀ မှာ ရောက်နေပေမယ့် အဆင့် ၅ က ဘရိုက်တန် အသင်းနဲ့ ၁ မှတ်သာ ကွာသလို အဆင့် ၄ က ဝက်စ်ဟမ်း အသင်းနဲ့လည်း ၃ မှတ်သာ ကွာဟ ပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား အထက်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ဒီကြားရက် ခါရာဘောင်းဖလားမှာ လိဒ်ယူနိုက်တက် အသင်းကို အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်လာခဲ့ပြီး အဆိုပါ ၈ ပွဲမှာ ၆ ပွဲ အနိုင်ရကာ Clean-sheet ၅ ပွဲ အထိ ရယူ ထားပါတယ် ။

SM