ဒုတိယပိုင်းမှာ လူကာကူ ကို ဘာကြောင့် လူစားလဲခဲ့သလဲ ဆိုတာ ဖြေရှင်းချက်ပေးရင်း ၊ မှော်ဝင်လက်စွမ်း ပြသခဲ့တဲ့ မန်ဒီ ကို ချီးမွမ်းခန်း ဖွင့်ခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာ အနောက် လန်ဒန်ဒါဘီ ပြိုင်ဖက် တန်းတက် ဘရန်းဖို့ဒ် အသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရင်း ၊ ပထမပိုင်း ပြီးခါနီးမှာ ရရှိခဲ့တဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ရဲ့ တလုံးတည်းသော volley သွင်းဂိုးနဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ် ။

ရလဒ် အရသာ ချဲလ်ဆီး အတွက် အနိုင် ၃မှတ် ဖြစ်ခဲ့ပေမယ့် ၊ တကယ်တမ်းမှာ နိုင်ပွဲ ယူပေးခဲ့တာ က ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဖြစ်ပါတယ် ။ မန်ဒီ ဟာ ဒုတိယပိုင်းရဲ့ လက်ကျန် မိနစ် ၂၀ ဝန်းကျင်မှာ အိမ်ရှင် ဘရန်းဖို့ဒ်ရဲ့ တရစပ် ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို မှော်ဝင် လက်စွမ်းနဲ့ ကာကွယ်ခဲ့ပါတယ် ။

အထူးသဖြင့် နာကျင် အချိန်ပို က ဘရန်းဖို့ဒ် ကွင်းလယ်လူ ခရစ်တီယန် နော်ဂါ့ဒ်ရဲ့ နောက်ပြန် overhead ကန်ချက် ကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာ က လုံးဝ အံ့မခန်း ဖြစ်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် မနေ့ည က ပွဲရဲ့ Man of the Match ဆုနဲ့ မန်ဒီနဲ့ လုံးဝ ထိုက်တန်မှု ရှိခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ပြိုင်ဖက် အသင်းရဲ့ ပွဲချိန် ကြာလာတာနဲ့ အမျှ တည်ကန်ဘောတွေ ၊ လက်ပစ်ဘောတွေက ဖြတ်တင်ဘော ၊ အမြင့်ဘော ၊ အဝေးဘော ပေးပို့မှုတွေကို ၎င်းတို့ဖက်က တားဆီးနိုင်ဖို့ ရုန်းကန်ခဲ့ရကြောင်း ဝန်ခံရင်း ၊ ၃မှတ် ယူပေးခဲ့တဲ့ မန်ဒီ အပေါ်လည်း အခုလို ချီးမွမ်းခန်း ဖွင်ခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” အက်ဒူ ဟာ ဒီနေ့ပွဲ တလျှောက်လုံး အထူး လက်စွမ်းပြခဲ့တာပါ ။ ကျွန်တော်တို့ဟာ ပွဲချိန် ၆၅မိနစ်စာလောက် သူ့ကို ဖိအားဒဏ်တွေက လွတ်ကင်းအောင် လုပ်ပေးနိုင်ခဲ့ပေမယ့် ၊ ပြိုင်ဖက် အသင်း ဟာ ပွဲချိန် ကြာလာတာနဲ့ အမျှ တည်ကန်ဘောတွေ ၊ ပြစ်ဒဏ်ဘောတွေ ၊ လက်ပစ်ဘောတွေကနေ အမြောက်ဘောတွေ ၊ အန္တရာယ် ရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကျွန်တော်တို့ကို တရစပ် ဖိအားပေးခဲ့ပါတယ် ။ “

” အက်ဒူ ဟာ ဒီ အခြေအနေ အားလုံး ကို တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်ခဲ့ပြီး ၊ အာရုံ စူးစိုက်မှု အပြည့် ရှိကြောင်း ပြသသွားခဲ့ပါတယ် ။ ဒါဟာ တကယ်ကောင်းတဲ့ စွမ်းဆောင်ရည် တရပ်ပါ ။ နောက်ဆုံး မိနစ် ၂၀ ကတော့ ဖလားပွဲနဲ့ အသွင်သဏ္ဍာန် တူခဲ့ပြီး ၊ ပြိုင်ဖက် ဟာ အရဲစွန့်မှု များစွာ ပြုလုပ်ခဲ့ပြီး ၊ ပင်နယ်တီ ဧရိယာထဲမှာ ကစားသမားတွေ စုပြုံ နေရာယူစေခဲ့ပါတယ် ။ “

” ခင်ဗျား ဟာ သူတို့ကို ဂိုးပေါက် မခြိမ်းခြောက်အောင် တားဆီးလို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး ။ ဒီတော့ အက်ဒူ ဟာ Clean Sheet နဲ့ ဒီပွဲကနေ လွတ်မြောက်အောင် လုပ်ပေးတဲ့ နေရာမှာ အဆုံးအဖြတ် ဖြစ်စေခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာတော့ ချဲလ်ဆီး အသင်းရဲ့ ကြေးအကြီးဆုံး ကစားသမား ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ အသင်း အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၇ပွဲဆက် ဂိုးပေါက် ပျောက်နေပါတယ် ။ ဘရန်းဖို့ဒ်နဲ့ ပွဲမှာ အပိုင် ကန်သွင်းခွင့် တကြိမ်က လွဲရင် ၊ လောက်လောက်လားလား ဂိုးသွင်းခွင့် မရခဲ့တဲ့ လူကာကူ အတွက် အနည်းငယ်တော့ စိုးရိမ်စရာ ဖြစ်လာပါတယ် ။

ပွဲချိန် အများစုမှာ ရုန်းကန်နေခဲ့ရတာကြောင့် ၊ ဒုတိယပိုင်းမှာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က လူကာကူ ကို ဂျာမန် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ်နဲ့ လူစားလဲခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ ၎င်းက ယင်း ဘယ်လ်ဂျီယမ်သားကို ဘာကြောင့် လူစားလဲခဲ့တယ် ဆိုတဲ့ အကြောင်းနဲ့ လတ်တလော ဂိုးမိုးခေါင်နေမှု အကြောင်း တို့ကို အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

တူချယ် က ” ရိုမီလူ ဟာ ဒီနေ့မှာ အနည်းငယ် ပွဲပန်းနေတယ်လို့ ခံစားရပါတယ် ။ ကျွန်တော်တို့ဟာ တီမိုနဲ့ ရိုမီလူ အတွဲအဖက် ကို ၆၅မိနစ်စာလောက် အတူ ကစားစေခဲ့ပေမယ့် ၊ သူ ပွဲပန်းနေတာကို ကျွန်တော် ဒီလောက်ထိတော့ မစိုးရိမ်ပါဘူး ။ အဲဒီနောက်မှာ ပြိုင်ဖက်ရဲ့ တုန့်ပြန် ကစားပုံကြောင့် ကျွန်တော်တို့ ခံစစ်ဇုန်မှာပဲ အချိန်ကုန်ခဲ့ရတာ များပါတယ် ။ “

” ဒီတော့ ရိုမီလူနဲ့ တီမို ဟာ အရှေ့မှာ သက်သက် ကျန်နေခဲ့ပြီး ၊ အသင်းကို ဖိအားဒဏ်က လွတ်နိုင်ဖို့ သိပ်ပြီး အထောက်အကူ မပေးနိုင်ခဲ့ပါဘူး ။ ဒါက ဒီနေ့မှာ အဓိက ပြဿနာ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် သူ့ရဲ့ ဂိုးသွင်း စွမ်းရည် အပေါ် ဘာမှ မစိုးရိမ်ပါဘူး ။ “

” ပုံမှန်အားဖြင့် သူ့အတွက် အကောင်းဆုံး အရာ က ဂိုးသွင်းနိုင်ခြင်းပါ ။ ဒါပေမယ့် လောလောဆယ် မှာ သူဟာ တကိုယ်ကောင်း ဆန်တာမျိုး မရှိနေပါဘူး ။ တီမို နဲ့ တွဲဖက်ဖို့ ၊ အခွင့်အရေး ဖန်ပေးဖို့ အမြဲ ကြိုးစားခဲ့ပါတယ် ။ တကယ်တမ်း ဂိုးသွင်းခွင့် ရနိုင်တဲ့ အခြေအနေမျိုးမှာ ကျပြန်တော့လည်း သူ လူကျွံနေခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR