ဒီအချိန်မှာ ဆာလားထက် ပိုကောင်းတဲ့သူ ဘယ်သူရှိသလဲ? လို့ မေးခွန်းထုတ်လိုက်တဲ့ ယာဂန်ကလော့

လီဗာပူး နည်းပြ ယာဂန်ကလော့က မနေ့ညက ဝက်ဖို့ဒ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ နောက်ထပ် အကောင်းဆုံး ခြေစွမ်းကို ထပ်မံ ပြသခဲ့ပြီးနောက် ဒီအချိန်မှာ မိုဟာမက်ဆာလားဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဆာလားဟာ ဝက်ဖို့ဒ်နဲ့ ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၆ ဂိုး ၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားခဲ့ပြီး ဖြစ်ကာ ပွဲချိန် ၉ မိနစ်မှာ မာနေး အတွက် outside of boot နဲ့ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ဒုတိယပိုင်းမှာ ဝက်ဖို့ဒ် နောက်ခံလူတွေကို skill ကောင်းကောင်းနဲ့ ကျော်ဖြတ်ကာ ဖော်စတာရဲ့ အဝေးထောင့်ထဲကို ဝေ့ဝှက် ကန်သွင်းယူခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် အပြီးမှာ ကလော့က သူ့ ကစားသမားရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ အပြင် ဒီအချိန် ကမ္ဘာပေါ်မှာ ဆာလားထက် ပိုကောင်းတဲ့သူ မရှိဘူးလို့ အခိုင်အမာ ဆိုသွားပါတယ်။

ကလော့က “လာစမ်းပါ။ ဒီအချိန်မှာ သူ့ထက် ပိုကောင်းတဲ့သူ ဘယ်သူ ရှိလို့လဲ? သူ့ထက် ပိုကောင်းတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါကတော့ ရှင်းပါတယ်။ သူဟာ အကောင်းဆုံး ပုံစံ ရနေပါတယ်။ ကျွန်တော်တို့ ဒါကို မြင်တွေ့ရမှာပါ။ သူ့ထက် ပိုကောင်းတဲ့သူ ဘယ်သူ ရှိလို့လဲ? ကမ္ဘာ့ဘောလုံးလောက အတွက် မက်ဆီ နဲ့ ရော်နယ်ဒို တို့ လုပ်ပြခဲ့တာတွေ ၊ သူတို့ရဲ့ လွှမ်းမိုးမှုတွေကိုတော့ မပြောနဲ့ပေါ့ဗျာ။ ဒါပေမယ့် ဒီအချိန်မှာ ဆာလားကသာ အကောင်းဆုံး ပါပဲ။

ဒီနေ့မှာ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ တကယ့်ကို ကောင်းလှပါတယ်။ ပထမဂိုးအတွက် သူ့ရဲ့ pass ဟာ အရမ်းကောင်းပြီး သူ့ရဲ့ သွင်းဂိုးကလည်း စပယ်ရှယ်ပါပဲ။” လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး ကလော့က “ဆာလားဟာ training လုပ်ရတာကို ကြိုက်တဲ့ ထိပ်တန်း ပရော်ဖက်ရှင်နယ် တစ်ဦးပါ။ ကြံ့ခိုင်မှုပိုင်းနဲ့ နည်းစနစ်ပိုင်းမှာ သူဟာ ထိပ်တန်းပါပဲ။ အနည်းငယ် ပြသနာ ရှိနေတာကတော့ ဒီအချိန်မှာ ကျွန်တော်တို့ဟာ training အတွက် အချိန် သိပ်မရှိဘဲ အဓိကက recovering ပဲ ဖြစ်နေပါတယ်။

သူဟာ အခု level ကို ခဏ ရောက်ခဲ့ဖူးပါတယ်။ သူဟာ တိုးတက်လာနိုင်သေးတဲ့ အသက်အရွယ်မှာ ရှိနေပါသေးတယ်။ ဆာဒီယို အတွက် အရမ်းကောင်းတဲ့ pass ကို ကြည့်ရင် သူ့ရဲ့ လေ့ကျင့်မှုကို သိနိုင်ပါတယ်။ ကောင်လေးတွေ အားလုံး တစ်ချိန်လုံး တိုးတက်နေကြပါတယ်။ သူဟာ လက်ရှိမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်နေပါတယ်။ သူဟာ ဒါကို ၄ နှစ် ၅ နှစ် ဆက်တိုက် လုပ်ပြထားခဲ့တာပါ။ သူဟာ တကယ့်ကို မယုံနိုင်စရာ ဖြစ်ပြီး အကောင်းဆုံး ကစားသမား ပါပဲ။” လို့ ချီးကျူးသွားပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ကာရေဂါ ကလည်း လက်ရှိ Form အရ ဆာလားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး လီဗာပူး ကွင်းလယ်လူဟောင်း စတိမက်မာနာမန် ကလည်း ဒီအတိုင်းပဲ ပြောသွားခဲ့ပါတယ်။

မက်မာနာမန်က “သူဟာ ဒီအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ ကျွန်တော် ဒီရာသီ မက်ဆီ အမ်ဘက်ပေ နေမာ တို့ရဲ့ ကစားပုံကို ကြည့်ခဲ့ပြီး သူတို့ဟာ လုံလောက်မှု မရှိခဲ့ကြပါဘူး။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်အတွက် ဂိုးတွေ ဆက်လက် သွင်းယူနေပေမယ့် ဒီလိုဂိုးမျိုးတော့ မသွင်းနိုင်ပါဘူး။ ဒီအချိန်မှာ ဆာလားထက် ပိုကောင်းအောင် ကစားနိုင်တဲ့သူကို ကျွန်တော် စိတ်ကူးထဲကနေ ပုံဖော်ကြည့်လို့ မရပါဘူး။”

SM