ဒီနှစ် ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန် ရသင့်သူက ဘယ်ကစားသမားလဲဆိုတာ ပြောကြားလိုက်တဲ့ ဇီဒန်း နဲ့ အာဆင်ဝင်းဂါး

ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်း ကတော့ ဘန်ဇီးမား ကို ကိုင်တွယ် ခွင့်ရတဲ့ အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း ပြောကြားလိုက်ပြီး ပြင်သစ်သား တစ်ယောက် ၂၀၂၁ ခုနှစ်ရဲ့ ဘောလွန်းဒီအော်ဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ် ။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက နှစ်ပေါင်း ၁၀ နှစ် အတွင်း ပထမဆုံး အကြိမ် ဖလား လက်မဲ့ ရာသီနဲ့ ဖြတ်သန်း ခဲ့ရပေမယ့် ဘန်ဇီးမား ကတော့ ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းပြီး သူ့ရဲ့ကစားသမားဘဝ ဒုတိယ အကောင်းဆုံး ရာသီကို ပိုင်ဆိုင် ခဲ့ပါတယ် ။

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘန်ဇီးမား ဟာဒီလ အစောပိုင်းမှာ ကြေညာခဲ့တဲ့ ၂၀၂၁ ဘောလွန်းဒီအော်ဆု ဆန်ခါတင် အယောက် ၃၀ စာရင်းမှာ ၂၀၁၈ ခုနှစ် ဘောလွန်းဒီအော် ဆုရှင် အသင်းဖော် မိုဒရစ် နဲ့ အတူ ပါဝင် ခဲ့ပါတယ် ။

ဒီနှစ် ဘောလွန်းဒီအော်ဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတာကတော့ ဘော်လွန်းဒီအော် ခြောက်ဆုရှင် လီယွန်နယ် မက်ဆီ ဖြစ်ပြီး ၊ မနှစ်က ချဲလ်ဆီး နဲ့ အတူ ချန်ပီယံလိဂ် ရခဲ့တဲ့ ဂျော်ဂျင်ဟို နဲ့ ကန်တေး တို့လည်း ရေပန်းစားနေကြပါတယ် ။

ဘော်လွန်းဒီအော် winner ကို လာမယ့် နိုဝင်ဘာလ ၊ ပဲရစ်မှာ ကြေညာ သွားမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားခဲ့ဖူးသလို နည်းပြလည်း လုပ်ခဲ့ဖူးတဲ့ ဇီဒန်း ကတော့ ဘန်ဇီးမား ဟာ ဒီနှစ် ဘော်လွန်းဒီအော် ဆုနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ် ။

ဇီဒန်း က Telefoot မှာ ” ဘန်ဇီးမား က ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်ပါတယ် ၊ သူက မယုံနိုင်လောက်အောင် ကောင်းတဲ့ ကစားသမားပါ ၊ သူ့ကို နည်းပြခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ် ၊ သူက ကွင်းထဲမှာ အရာအားလုံး လုပ်နိုင်စွမ်း ရှိသူပါ ၊ တခြားသူတွေထက်လည်း ပိုကောင်းပါတယ် ၊ ဒါကြောင့် သူ ဘော်လွန်းဒီအော်ဆု ချီးမြှင့်ခံရဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ကတော့ ” ဒီနှစ်က မဖြစ်မနေ လုံးဝ ရသင့်တဲ့ ကစားသမား မရှိတဲ့နှစ်လို့ ပြောရမှာပါပဲ ၊ ဘန်ဇီးမား ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် နဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှုက ထိပ်တန်း အဆင့်မှာ ရှိပါတယ် ။တစ်ခု မေးခွန်းထုတ်စရာရှိတာက ဆုဖလား အောင်မြင်မှုတွေက ဒီဆု ရွေးချယ်ရာမှာ အဓိက ကျနေသေးသလား ဆိုတာပါပဲ ။ ” လို့ ပြောကြားလိုက်ပါတယ် ။

ဘရာဇီး ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒို ဟာလည်း ပြီးခဲ့တဲ့ အပတ်က ဒီနှစ်ဆုကို ဘန်ဇီးမား ရသင့်တယ်လို့ ဆိုပါတယ် ။ ” ဒီနှစ်အတွက် ကျွန်တော့်ရဲ့ဘော်လွန်းဒီအော်ဆုရှင်က ဘန်ဇီးမားပါပဲ ၊ သံသယ လုံးဝ ဖြစ်စရာ မရှိပါဘူး ။ ”

” ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၊ ၁၀ နှစ်လောက် ထိပ်တန်း အဆင့် မှာ ရပ်တည် နိုင်ခဲ့သူ ၊ အားလုံးထက် ချန်ပီယံဆုတွေ ပိုမို ရယူနိုင်ခဲ့သူက ဒီဆုနဲ့ ထိုက်တန်တယ်လို့ ခင်ဗျား တို့ မထင်ဘူးလား ။ ” လို့ ဆိုခဲ့ပါတယ် ။

SM