ဒဏ်ရာပြသနာကြောင့် ပရက်စ်တန် နဲ့ ပွဲကို ကစားသမား 6 ယောက် အထိ လွဲချော်မယ့် လီဗာပူး

ဒီတပတ် ကြားရက်မှာတော့ ကာရာဘောင် ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ ကစားမှာ ဖြစ်ပြီး အဝေးကွင်းတွေ ဆက်တိုက် ကစားနေရတဲ့ လီဗာပူး ဟာ နောက်ထပ်ပွဲစဉ် အဖြစ် ချန်ပီယံရှစ် ကလပ် ပရက်စ်တန် အသင်းကို အဝေးကွင်းမှာ ဆက်ကစားသွားရဦးမှာပါ။

လက်ထောက်နည်းပြ ပက် လင်ဒါ ရဲ့ ပြောပြချက် အရ ဒီပွဲကို လွဲချော်မယ့် ကစားသမားဟာ စုစုပေါင်း 6 ယောက် အထိတောင် ရှိနေပါတယ်။

ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ပြသနာကြောင့် လွဲချော်ခဲ့ရတဲ့ ဘရာဇီး ကွင်းလယ် ကစားသမား ဖာဘင်ဟို ဟာ ဒီပွဲမှာလဲ ပါဝင် ကစားဖို့ အဆင်သင့် ဖြစ်မှာ မဟုတ်သေးပါဘူး။ သို့သော် ဘရိုတ်တန် နဲ့ ကစားမယ့် အိမ်ကွင်း ပွဲစဉ်မှာတော့ ပြန်ကစားပေးနိုင်ချေတွေ ရှိနေပါတယ်။

လီဗာပူး ဟာ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ ဂိုးပြတ် အနိုင်ရရှိခဲ့သည့်တိုင်အောင် ပေးဆပ်မှုတွေကလဲ ကြီးမားခဲ့ပါတယ်။ ဝါရင့် ကစားသမားကြီး မေလ်နာဟာ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့သလို ၊ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ နာဘီ ကီတာ ကလဲ ပေါ့ဘာ ရဲ့ အဝင်ကြမ်းမှုကြောင့် ညိုသကျည်း ဒဏ်ရာ ရရှိသွားခဲ့ ပါတယ်။

မေလ်နာ ဟာ အဆိုပါ တံကောက်ကြော ဒဏ်ရာကြောင့် စုစုပေါင်း 4 ပွဲ အထိ လွဲချော်ဖွယ် ရှိနေပြီး ၊ ကီတာ ရဲ့ ဒဏ်ရာကတော့ အဆိုးဝါးကြီး ဖြစ်မသွားဘူးလို့ အခုလို မှတ်ချက် ပေးသွားခဲ့ပါတယ်။

“ မေဆွန် ဂရင်းဝုဒ် က ကျော်ပြေးလိုက်တဲ့ အချိန်မှာ မေလ်နာ က ရအောင် လိုက်ပြီး တားဆီးပြမယ် ဆိုတဲ့ စိတ်နဲ့ လှည့်ထွက်လိုက်တာကြောင့် ဒဏ်ရာရသွားတာပါ။ မီလီ က အသင်းအတွက် ဆိုရင် အမြဲတမ်း ရှေ့တန်းတင်ထားတဲ့ အတွက် ဒဏ်ရာဟာ ဖြစ်သင့်တာထက်ကို ပိုဆိုးသွားပါတယ်။

ကျနော့် ရဲ့ ရာထူး ဆိုရင် လက်ထောက် မန်နေဂျာ ရာထူးလေ ဒါပေမယ့် မီလီ လဲ အဲဒီရာထူးမှာ လုပ်ကိုင်လို့ရပါတယ်။ သူဟာ ကစားသမားတွေ နဲ့ နည်းပြ အဖွဲ့ဝင်တွေ အကြားကို ချိတ်ဆက်ပေးတဲ့သူပါ။ ဒါကြောင့် သူ့ရဲ့ တာဝန်ကို ကောင်းကောင်း သဘောပေါက်ထားပါတယ်။ ပြောစရာရှိရင် ပြောတယ် ၊ ကြိုးစားစရာ ရှိရင်လဲ ထိပ်ဆုံးကပါပဲ။

နာဘီ ကတော့ အတွင်းကျေသွားတဲ့ အတွက် နေ့တိုင်း နီးပါး စစ်ဆေးမှုတွေ လုပ်ဆောင်နေရပါတယ်။ တနေ့ထက် တနေ့ ပိုကောင်းလာတယ်လို့ပဲ ပြောချင်ပါတယ်။

ဖာဘင်ဟို က မနက်ဖြန်ပွဲ အတွက် ကစားပေးနိုင်မှာ မဟုတ်ပါဘူး။ သူ့ကိုလဲ အနီးကပ် စောင့်ကြည့်မှုတွေ လုပ်နေပြီး ၊ စနေနေ့မှာ ကစားမယ့် ပွဲကိုတော့ ပါဝင်ကစားပေးနိုင်မယ် ထင်ပါတယ်။

တီယာဂို ကတော့ အသင်းနဲ့ အတူ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ နီးစပ်မှုတွေ ရှိလာပါပြီ။ ဒီတပတ်ထဲမှာပဲ အသင်းဖော်တွေ နဲ့ ပူးပေါင်းနိုင်လိမ့်မယ် ထင်ပါတယ်။ ဘရိုတ်တန် နဲ့ ပွဲမှာ ပါဝင် ကစားပေးဖို့ စောလွန်းနေသေးပေမယ့် ၊ သူ ကစားဖို့ နီးစပ်လာတာ က ကောင်းတဲ့ အချက်ပဲလို့ ဆိုပါရစေ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လူငယ် ဂိုးသမားလေး ကယ်လာဟာ က နေမကောင်း ဖြစ်နေတဲ့ အတွက် ယူနိုက်တက် နဲ့ ပွဲကို လွဲချော်ခဲ့သလို ၊ ဒီပွဲမှာလဲ ပါဝင်ကစားပေးဖို့ ရာခိုင်နှုန်း နည်းနေသေးတာကြောင့် အန်ဒရီယန် ကပဲ အသင်းဂိုးပေါက်ကို တာဝန်ယူလာဖွယ် ရှိနေပါတယ်။

လီဗာပူးဟာ မနေ့ညက ကစားခဲ့တဲ့ ယူ 23 ပွဲစဉ်မှာ လူငယ် ချာတိတ် တော်တော်များများကို အနားပေးထားတာကြောင့် ဒီပွဲ အတွက် အသင်းကြီးနဲ့ အတူ ခေါ်ဆောင်လာဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ကွင်းလယ် ကစားသမားတွေ အများစု ဒဏ်ရာရနေချိန်မှာ မော်တန် တို့လို လူငယ်လေးတွေဟာ ပွဲထွက် ကစားသမား စာရင်းကနေကို ပါဝင်လာနိုင်တာပါ။

သို့သော် တောင်ပံ တိုက်စစ်မှာ ကစားနေတဲ့ ကိုင်ဒီ ဂေါ်ဒွန်ကတော့ ဒီပွဲ ကို ပါဝင် ကစားပေးနိုင်မှာ မဟုတ်တဲ့ အကြောင်း ပက် လင်ဒါ ကိုယ်တိုင်ကလဲ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR