တွဲဖက် ကစားဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး အသင်းဖော်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ အွန်နရီ

အာဆင်နယ် အသင်း နဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ ဟာ သူ့ရဲ့ အကောင်းဆုံး အသင်းဖော်ကို ထုတ်ဖော် ပြောကြားလိုက်ပြီး နူးကမ့်မှာ တွဲကစားခဲ့ဖူးတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီတော့ မဟုတ်ခဲ့ပါဘူး ။

အွန်နရီ နဲ့ မက်ဆီ ဟာ ဘာစီလိုနာ အသင်းမှာ ၂၀၀၇ ခုနှစ် ကနေ ၂၀၁၀ ခုနှစ် အထိ တွဲဖက် ကစားခဲ့ဖူးပြီး လာလီဂါ ဖလား ၂ ကြိမ် ၊ ချန်ပီယံလိဂ် တစ်ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု ၇ ကြိမ် အထိ ရယူ နိုင်ခဲ့ပါတယ် ။

အွန်နရီ က သူ့ရဲ့ အကောင်းဆုံး အသင်းဖော် ရွေးချယ်ရာမှာ မက်ဆီ ကို မရွေးချယ်ခဲ့ဘဲ အာဆင်နယ် အသင်းဖော် တိုက်စစ်မှူး ဒန်းနစ် ဘားကမ့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

အွန်နရီ နဲ့ ဘားကမ့် တို့နှစ်ဦးဟာ အာဆင်နယ် အသင်းမှာ အွန်နရီ ၁၉၉၉ ခုနှစ်မှာ ဂျူဗင်တပ်စ် က ပြောင်းလာချိန် ကနေ ဘားကမ့် ၂၀၀၆ ခုနှစ်မှာ ကစားသမား ဘဝကနေ အနားယူသွားတဲ့ အချိန်အထိ အတူ တွဲဖက် ကစားခဲ့ကြတာ ဖြစ်ပါတယ် ။

အွန်နရီ ဟာ CBS sports မှာ ချန်ပီယံလိဂ် ပွဲစဉ်တွေအတွက် ဧည့်သည် သုံးသပ်သူ အဖြစ် ပါဝင်ခဲ့ပြီး အစီအစဉ် တင်ဆက်သူက အွန်နရီ ကို ” တွဲဖက် ကစားဖူးသမျှထဲမှာ ဘယ်သူက အကောင်းဆုံး အသင်းဖော်လဲ “လို့ မေးမြန်း ခဲ့ပါတယ် ။

အဆိုပါ မေးခွန်းကို အွန်နရီ က ” ဒန်းနစ် ဘားကမ့် ” လို့ ပြန်ဖြေခဲ့ပြီး အစီအစဉ် တင်ဆက်သူက ” မက်ဆီ မဟုတ်ဘူးလား ” လို့ ထပ်မေးလိုက်ပါတယ် ။ အွန်နရီ ကလည်း ချက်ချင်း မဆိုင်းမတွ ” ဒန်းနစ် ဘားကမ့်ပါ ၊ ကျွန်တော် ဖြေတာ မြန်သွားလို့လား ၊ ဒန်းနစ် ဘားကမ့်ပါ ။ ” လို့ အတည်ထပ်ပြု ပေးသွားခဲ့ပါတယ် ။

အွန်နရီ နဲ့ ဘားကမ့် ဟာ အာဆင်နယ် အသင်း သမိုင်းတစ်လျှောက် ကြီးကျယ် အခမ်းနားဆုံး ကစားသမား ၂ ဦး ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ အမ်းမရိတ်ကွင်းကြီးရှေ့မှာ အွန်နရီ နဲ့ ဘားကမ့် တို့ရဲ့ ပုံတူ ရုပ်တုကိုလည်း ထားရှိ ထားပါတယ် ။

အွန်နရီ ဟာ အာဆင်နယ် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ပါ ။ ဂျူဗင်တပ်စ် အသင်းမှာ ရုန်းကန် ခဲ့ရတဲ့ အွန်နရီ ကို အာဆင်ဝင်းဂါး ဟာ အထောင်တိုက်စစ် နေရာမှာ ကစားစေခဲဲ့ပြီးနောက် အွန်နရီဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ် ။

အွန်နရီ ဟာ အာဆင်နယ် အတွက် လိဂ် ပွဲပေါင်း ၂၅၈ ပွဲ ကစားပြီး သွင်းဂိုး ၁၇၅ ဂိုး ၊ ဂိုးဖန်တီးမှု ၇၄ ကြိမ် ပြုလုပ် ပေးခဲ့သလို ပရီးမီးယားလိဂ် ဖလား လည်း နှစ်ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ အွန်နရီ ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု လေးကြိမ် ၊ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ၂ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။

ဘားကမ့် ဟာလည်း အာဆင်နယ်မှာ ၁၁ နှစ် ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ရယူ နိုင်ခဲ့တဲ့ ကစားသမားပါ ။ ဘားကမ့် ဟာ အာဆင်နယ် အတွက် ပွဲပေါင်း ၃၁၅ ပွဲ ကစားပြီး ၈၇ ဂိုး သွင်းယူကာ ၉၄ ကြိမ် အထိ ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ် ။

SM