တိုက်စစ် ကစားသမားတွေ မဟုတ်ပေမယ့် ၊ ချဲလ်ဆီး ကြယ်ပွင့် ၂ဦး ဟာ ပြိုင်ဖက် ဂိုးပေါက် အတွက် အန္တရာယ် ရှိသူတွေ ဖြစ်ကြောင်း ချီးကျူးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဒီရာသီ နိုင်ပွဲ ရှာမတွေ့သေးတဲ့ တန်းတက် နောဝှစ်ချ် အသင်း ကို တပွဲလုံး တဖက်သတ် အသာစီး ကစားရင်း ၊ အင်္ဂလန်သားတွေရဲ့ သွင်းဂိုးတွေနဲ့ အတူ ၇ဂိုးပြတ် ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ် ။

ဂိုးသွင်းနိုင်ခဲ့တဲ့ အင်္ဂလန်သားတွေမှာ ထုံးစံ အတိုင်း ဒီရာသီ ချဲလ်ဆီး အသင်းကို ကယ်တင်နေကျ နောက်ခံလူတွေ ဖြစ်တဲ့ ဘန်ချေဝဲလ်နဲ့ ရိစ်ဂျိမ်းစ် တို့လည်း အပါအဝင် ဖြစ်ခဲ့ပါတယ် ။ ယင်း wing-back ၂ဦး ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး စာရင်းဝင်လို့ သုံးသပ်ရင် မှားနိုင်မယ် မထင်ပါဘူး ။

ဒီပွဲမှာလည်း ချေဝဲလ်နဲ့ ဂျိမ်းစ် တို့ဟာ တိုက်စစ် အတွက် အစဉ်တစိုက် ပံ့ပိုးမှုတွေ ပေးခဲ့သလို ၊ ပြိုင်ဖက် ခံစစ်ကိုလည်း အချိန်ပြည့် အလုပ်ရှုပ်စေခဲ့ပါတယ် ။ ချေဝဲလ် ကတော့ ဒီပွဲမှာ ခံစစ် အမှား တခု လုပ်ခဲ့ပေမယ့် ၊ စတုတ္ထ ဦးဆောင်ဂိုး ကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။ အခုဆို ချေဝဲလ် ဟာ ကလပ်နဲ့ နိုင်ငံ အသင်းတွေ အတွက် နောက်ဆုံး ကစားတဲ့ ၅ပွဲမှာ ၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

အလားတူ ရိစ်ဂျိမ်းစ် ဟာလည်း ပထမပိုင်း ပြီးခါနီးမှာ တိုက်စစ်မှူး တဦးရဲ့ အဆုံးသတ်မျိုး နဲ့ နောဝှစ်ချ် ဂိုးသမား တင်မ်ကရူလ် ကို ကျော်ပြီး သွင်းယူခဲ့ပါတယ် ။ ဒါ့အပြင် ၎င်းဟာ ဒီရာသီ ချဲလ်ဆီး အသင်းရဲ့ တတိယမြောက် သွင်းဂိုး ပါဝင် ပတ်သက်မှု အမြင့်မားဆုံး ကစားသမား လည်း ဖြစ်ပါတယ် ။

ပွဲပြီး beIN Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ရိစ်ဂျိမ်းစ်နဲ့ ဘန်ချေဝဲလ် တို့ဟာ အသင်း အတွက် ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အမြဲ လုပ်ပေးနိုင်တဲ့ ကြယ်ပွင့်တွေ အဖြစ် ခေါင်းစဉ်တပ် ချီးကျူးခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော် ရိစ် အတွက် ပျော်ရွှင်နေပါတယ် ။ သူ့မှာ ဒီလို အားစိုက်ထုတ်မှုမျိုး အမြဲ ရှိပါတယ် ။ ကျွန်တော်တို့ဟာ သူ့ဆီကနေ အခုထက် ပိုမြင့်မားတဲ့ အလျင် ၊ ကြံ့ခိုင်မှု စွမ်းဆောင်ရည်တွေကို တောင်းဆိုကြတာပါ ။ ဒီနေ့မှာ ဒါကို သူ အသင်း အတွက် ပေးစွမ်းနိုင်ခဲ့ပါတယ် ။ ”

” ဘယ်ဖက်ခြမ်းမှာ ချီလီ ကလည်း ထိုနည်း၎င်း စွမ်းဆောင်ပေးခဲ့ပါတယ် ။ wing-back ၂ဦး ဟာ အရမ်း အန္တရာယ် ရှိနေပါပြီ ။ သူတို့ဟာ ဂိုးပေါက် အစဉ်တစိုက် ခြိမ်းခြောက်ပေးနိုင်ကြပါတယ် ။ ဒါမျိုး ကျွန်တော်တို့ လိုအပ်ပါတယ် ။ ပင်နယ်တီ ဧရိယာ အတွင်း နေရာလွတ် ရှာဖွေပေးနိုင်မယ့် ကစားသမားမျိုးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ အင်္ဂလန် ကစားသမား ၅ဦး အထိ ပွဲထုတ် အသုံးပြုခဲ့ပြီး ၊ ဒုတိယပိုင်း မှာလည်း လူစားလဲမှု ၂ကြိမ် ကနေ အင်္ဂလန်သား ၂ဦးကို ထပ်မံ ထည့်သွင်းခဲ့ပါသေးတယ် ။ ဒီအတွက်ကြောင့် စတမ်းဖို့ဒ်ဘရစ်ချ် အထိ လာရောက် စောင့်ကြည့် လေ့လာမှု လုပ်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် အဖို့ အချိန် ပေးရကျိုး နပ်ခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီးလည်း တူချယ် က ” ဒါဟာ အင်္ဂလိပ်လူမျိုး ကစားသမား အကြောင်းချည်း သက်သက် မဟုတ်ပါဘူး ။ ချဲလ်ဆီး အသင်းသားတွေ အကြောင်း ပြောနေတာပါ ။ ဒီနေ့မှာဆို မေဆင် ဟာ ဟက်ထရစ် သွင်းနိုင်ခဲ့ပြီး ၊ ဒါဟာ အကယ်ဒမီထွက် ကစားသမား တဦး အနေနဲ့ သူ့ရဲ့ အိပ်မက် ဖြစ်ပါတယ် ။ အခုဆို သူဟာ ဖိအားတွေရဲ့ လက်အောက် က လွတ်မြောက်လာပြီး အများကြီး ပေါ့ပါးမှု ရှိလာပြီလို့ ခံစားမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR