ဆောက်သမ်တန်နဲ့ ကာရာဘောင် ဖလားပွဲမှာ စွမ်းဆောင်ရည် မြင့်မားခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးကို အထူး ချီးကျူးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား စတုတ္ထ အဆင့်ပွဲမှာ ဆောက်သမ်တန် အသင်းကို သာမန် ပွဲချိန် မိနစ် ၉၀ အတွင်းမှာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ ၄ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၊ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ နေရာစုံ က ဒဏ်ရာ ပြဿနာတွေကြောင့် ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ပွဲထွက်စာရင်း တဝက်လောက် အပြောင်းအလဲ လုပ်ခဲ့ရပြီး ၊ ကစားခွင့် အရမ်း နည်းပါးနေတဲ့ ကစားသမား တချို့ကို နေရာ ပေးခဲ့ပါတယ် ။ ဒီအထဲမှာ စပိန်သား ၂ဦး ဖြစ်တဲ့ ကွင်းလယ်လူ ဆာအူးလ် နီဂွက်ဇ်နဲ့ အရန် ဂိုးသမား ကီပါတို့လည်း ပါဝင်နေပါတယ် ။

ကီပါ ဟာ ဒီပွဲမှာ ဆောက်သမ်တန်ရဲ့ ချေပဂိုး ကို စိတ်ပျက်ဖွယ် ခွင့်ပြုခဲ့ရပေမယ့် ၊ ဒုတိယပိုင်း ပြီးခါနီးမှာ မှော်ဝင် လက်စွမ်းပြမှု ၃ကြိမ် စွမ်းဆောင်ခဲ့သလို ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာလည်း မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းသွားခဲ့ပြီး ၊ ဝေါလ်ကော့ရဲ့ ပင်နယ်တီ ကန်ချက်ကို လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ် ။

အလားတူ ဆာအူးလ် ဟာလည်း ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး အကြိမ် အဖြစ် ပွဲချိန်ပြည့် ကစားခွင့် ရခဲ့ပြီး ၊ အရှေ့ ပွဲထွက်ခွင့် ၂ကြိမ်ထက် အများကြီး တိုးတက်မှု ရှိတဲ့ ကစားဟန်ကို မြင်တွေ့ခဲ့ရကာ ၊ ချဲလ်ဆီး အတွက် ပထမဆုံး သွင်းဂိုးလည်း ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ၊ ၎င်းရဲ့ ကန်ချက် ၂ကြိမ်ကို ဆောက်သမ်တန် ဂိုးသမား ဖရေဆာ ဖော်စတာ လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ် ။

ပွဲအပြီး ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ယင်းစပိန်သား ၂ဦးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ” ကီပါ ဟာ ပွဲထွက်ခွင့် ရတဲ့ အခါတိုင်း ၊ အသင်းအတွက် အမြဲ ပေးဆပ်ပါတယ် ။ ”

” သူဟာ ယုံကြည်မှု ပြည့်ဝနေပြီး ၊ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ပတ်သက်လာရင် ယဉ်ပါးမှု ရှိနေပြီးသား ဖြစ်လို့ ၊ ဒီနေ့မှာလည်း ထပ်ပြီး စွမ်းဆောင်နိုင်ခဲ့တာပါ ။ တကြိမ်လောက် ပင်နယ်တီ အဆုံးအဖြတ်မှာ လက်စွမ်းပြခဲ့တိုင်း ၊ ခင်ဗျား ဟာ နောက်ထပ် အဆုံးအဖြတ်တွေမှာ ထပ်ပြီး လုပ်ပြနိုင်မယ်လို့ မဆိုလိုပါဘူး ။ ”

” ဒါပေမယ့် ဒါကို လုပ်ပြနိုင်ခဲ့တဲ့ ကီပါ ကို အပြည့်အဝ ချီးကျူးရမှာပါ ။ ဒါဟာ ဘောလုံးမှာ စပါယ်ရှယ် အရာ တခု ဖြစ်ပြီး ၊ ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ တည်ငြိမ်မှု နဲ့ အာရုံစိုက်မှု အပြည့် ရှိခဲ့ပါတယ် ။ ကီပါ ဟာ ဒီပွဲရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းမှာ ပါဝင်ခဲ့ပါတယ် ။ ”

” ဆာအူးလ် အတွက်ကတော့ ဒီပွဲ ဟာ ကြီးမားတဲ့ ခြေလှမ်း တလှမ်း တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ အခုလို သူ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်လာတာကို ကျွန်တော် ဝမ်းသာမိပါတယ် ။ ပြီးခဲ့တဲ့ ကစားခွင့်တွေမှာ သူဟာ ဒီလိဂ်ရဲ့ ကြံ့ခိုင်မှု အရ ပြင်းထန်တဲ့ ကစားဟန်နဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ”

” ဒါကြောင့်လည်း ဒီနေ့ပွဲမှာ သူ ဒီ အခြေအနေ အပေါ် ကိုင်တွယ်နိုင်ပါ့မလား ဆိုတာ သံသယ ဝင်ခဲ့တာတွေ ရှိခဲ့ပေမယ့် ၊ ပွဲချိန် ကြာလာတာနဲ့ အမျှ ၊ သူဟာ တိုက်စစ်ကို ပိုပြီး လိုက်ပါ လာနိုင်ခဲ့သလို ၊ ထိရောက်တဲ့ ကစားဟန်တွေနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ကာရာဘောင် ဖလား ဟာလည်း ဆုဖလား တလုံး ဖြစ်တာကြောင့် ၎င်းတို့ အတွက် အရေးကြီးတဲ့ အကြောင်းကို ” ပြိုင်ပွဲတိုင်း ဟာ အရေးကြီးပါတယ် ။ ကျွန်တော်တို့ဟာ ဘယ်ပြိုင်ပွဲကိုမှ နိမ့်တယ် ၊ မြင့်တယ် ဆိုပြီး အကဲမဖြတ်ချင်ပါဘူး ။ ”

” ကျွန်တော်တို့ဟာ ဒီဂျာစီကို ဝတ်ဆင်လိုက်တာနဲ့ ပြိုင်ပွဲတိုင်းကို ပြိုင်ဆိုင်ဖို့ အသင့်ပါပဲ ။ ဆုဖလားတွေ ဆိုတာ ဒီ ကလပ်နဲ့ ဒီအသင်းက ကစားသမားတွေ လိုချင်တဲ့ အရာတွေ ဖြစ်ပါတယ် ။ ဒီနေ့ ပွဲမှာ နေရာပြန်ရခဲ့တဲ့ ကစားသမားတွေဟာလည်း အခွင့်အရေးကို ထိထိမိမိ အသုံးချနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR