ဆိုးရှား ရဲ့ ယူနိုက်တက် နည်းပြဘ၀ နေ့ရက်တွေ အဆုံးသတ်ဖို့ နီးလာပြီလား

အိုလေဂန်နာ ဆိုးရှား ဟာ မန်ချက်စတာ ယူနိုက်တက် ကို နည်းပြ အဖြစ် ကိုင်တွယ် အပြီးမှာ ဖိအားတွေရဲ့ အောက်ကနေ တကြိမ်ပြီး တကြိမ် ရုန်းထွက် ပြနိုင်ခဲ့ဖူး ပါတယ် ။ ၂၀၁၉ ခုနှစ် ဆောင်းရာသီတုန်းက ယူနိုက်တက် ဟာ လီဗာပူး ၊ ဘန်လေ တို့ကို ဆက်တိုက်ရှုံးပြီး ဖိအားဝင်ခဲ့မှုကို စပါး ၊ မန်စီးတီး တို့ကို ဆက်တိုက် အနိုင် ကစားပြီး ချေဖျက်ပြခဲ့ ဖူးပါတယ် ။ မနှစ်တုန်းကလည်း ရာသီအဖွင့်မှာ စပါး ကို ၆ – ၁ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ ပေမယ့် နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲတွေ ဆက်တိုက် ရယူပြီး ဖိအားတွေကို ပြန်လည် လျော့ချနိုင်ခဲ့ ပါတယ် ။

အသင်းရလဒ်တွေ ဆိုးလာပြီး ထုတ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်လာတိုင်းမှာ ဆိုးရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ရလဒ်တွေ ပြန်မှန်လာပြီး အခြေအနေတွေ ပြန်ကောင်းလာခဲ့တာကို ပရိသတ်တွေ မြင်တွေ့ ခဲ့ကြရပြီး ဖြစ်မှာပါ ။

လက်ရှိ ဘောလုံး ဝေဖန် သုံးသပ်သူတွေ အဖြစ် လုပ်ကိုင် နေတဲ့ တချိန်တုန်းက ဆိုးရှား ရဲ့ ယူနိုက်တက် အသင်းဖော်တွေ ( နဗီးလ် ၊ ဖာဒီနန် ၊ စခိုးလ် ၊ အိုဝင် ) ကလည်း ဆိုးရှား ဘက်ကနေ အမြဲ ထောက်ခံပြောဆို ပေးနေခဲ့ ပါတယ် ။

ဒါပေမယ့် ဒီရာသီ မှာတော့ အခြေအနေတွေက နည်းနည်း ပြောင်းလဲ လာခဲ့ပါပြီ ။

သူ့ရဲ့ မဟာမိတ်တွေ ကိုယ်တိုင်က အသင်းရဲ့ အနေအထား ၊ ခြေစွမ်းတွေသာမက နည်းပြ ရဲ့ စွမ်းဆောင်ရည် တွေကိုပါ မေးခွန်းထုတ်မှုလေးတွေ ရှိလာခဲ့ပါပြီ ။ ဒါဟာ ဆိုးရှား အတွက် မကောင်းတဲ့ အရိပ်အယောင်တွေ ပါပဲ ။

 

ဘာဖြစ်လို့လည်း ဆိုတော့ အရင်နှစ်တွေ နဲ့ ဒီနှစ် ယူနိုက်တက် ရဲ့ အင်အားက အများကြီး ကွာခြား သွားလို့ ပါပဲ ။ လွန်ခဲ့တဲ့ နှစ်တွေ တုန်းကတော့ ဆိုးရှား ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အစဉ်အလာကို ပြန်လည် ဖော်ဆောင်ခဲ့ပြီး လူငယ်တွေကို နေရာပေး ကစားခဲ့ ပါတယ် ။ ဒါကြောင့် ရလဒ်တွေ ဆိုးနေလင့်ကစား ဝေဖန်ရေး မြားချက်တွေက ဆိုးရှားဘက်ကို လှည့်မလာခဲ့တာပါ ။

ဒီနှစ်မှာတော့ ဆန်ချို ၊ ဗာရန်း နဲ့ ရိုနယ်ဒို တို့ ရောက်လာတာဟာ မန်ချက်စတာ ယူနိုက်တက် ကို ဆုဖလားတွေ ရယူပေးဖို့ အချိန်ကျရောက်လာပြီလို့ ပရိသတ်တွေ နဲ့ သုံးသပ်သူတွေကို ရှုမြင်စေခဲ့ ပါတယ် ။

 

အသက် ၃၆ နှစ်ပဲ ရှိရှိ ၊ ကစားပုံကျနေရင်ပဲ ဖြစ်ဖြစ် ရိုနယ်ဒို ဟာ Top Four နေရာ အတွက် ကစားဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး ၊ ဆုဖလားတွေ အတွက် အမြဲ ရည်မှန်းနေမှာပါ ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ လက်ရှိ အနေအထား ကတော့ အရင်နှစ်တွေ တုန်းကလိုပဲ ရာသီ အကုန်မှာ ဆုဖလားတွေ နဲ့ တေ့လွဲပြီး ချန်ပီယံလိဂ် ဝင်ခွင့်လောက်နဲ့ ကျေနပ်ရဦးမယ့် အခြေအနေတွေဆီ ဦးတည်လို့ နေပြန်ပါတယ် ။

နဗီးလ် ၊ စခိုး ၊ အိုဝင် ၊ ဖာဒီနန် တို့ ကတော့ ပရိသတ်တွေ အော်နေသလို Ole out လို့ ပြောမနေကြသေးပါဘူး ၊ ဒါပေမယ့် သူတို့ရဲ့ စိတ်ထဲမှာ ဆိုးရှား နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ တော်လောက်ပြီဆိုတဲ့ အတွေးတွေ ရှိနေပြီ ဆိုတာ သူတို့ ပြောတဲ့ ပွဲပြီး သုံးသပ်စကားအချို့မှာ မြင်တွေ့ လာခဲ့ရ ပါတယ် ။

ကာရေဂါ နဲ့ အခြားသော သုံးသပ်သူတွေ ကတော့ ပြတ်ပြတ်ပါပဲ ၊ ဆိုးရှား ရှိရင် ဖလားမရဘူး ၊ ဖလားယူချင်ရင် ဆိုးရှား ကိုထုတ်ရမယ်လို့ကို ဖွင့်ပြော လာကြတာပါ ။

ဒီလို ပြောဖို့ လုံလောက်တဲ့ အကြောင်းအရင်းကလည်း ရှိနေပါတယ် ။ ဆိုးရှား ကိုင်ခဲ့သမျှ ကာလ အတွင်း အပြောင်းအရွှေ့တိုင်းမှာ ယူနိုက်တက်တို့ ငွေသုံးပြီး နည်းပြ အလိုရှိသူတွေကို အရခေါ်ပေး ခဲ့ပါတယ် ။

အခု အသင်းရဲ့ လူစာရင်းကလည်း တကယ်ကို တောင့်တင်းနေပါပြီ ၊ ဆိုးရှား ကသာ သေချာမကိုင်တွယ် နိုင်သေးတာပါ ။

မနက်ဖြန် မှာ ယူနိုက်တက် တို့ အတ္တလန်တာ နဲ့ ကစားရပါမယ် ၊ ဒါပြီးရင် တနင်္ဂနွေမှာ လီဗာပူး ၊ နောက်တပတ် မှာ စပါး ၊ ဒါပြီးရင် အတ္တလန်တာ နဲ့ နောက်တကြိမ် ၊ ပြီးရင် မန်စီးတီး တို့ နဲ့ ဆက်တိုက် ကစားရတော့မှာပါ ။

ဒီပွဲတွေကို ယူနိုက်တက် တို့ ၁၇ ရက် အတွင်း ကစားရမှာပါ ။

ဒီတကြိမ်မှာရော ဆိုးရှား တယောက် အရင်တုန်းကလိုပဲ ဖိအားတွေအောက်ကနေ ရုန်းထွက်ပြနိုင်မလား ။

ဘုတ်အဖွဲ့ ကတော့ ဒီပွဲတွေကို ရှုံးခဲ့မယ်ဆိုရင်တောင်မှ ဆိုးရှား ကို ထုတ်ပယ်ဖို့ လုပ်ဆောင်ဦးမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အခြေအနေတွေက အရင်နှစ်တွေကနဲ့ မတူနိုင်တော့တာကိုတော့ ဆိုးရှား ကိုယ်တိုင် အသိဆုံးပဲ ဖြစ်ပါလိမ့်မယ် ။

 

SPORTS MYANMAR