ဆိုးရှား ရဲ့ နေရာကို ကွန်တီ နဲ့ အစားထိုးနိုင်ဖွယ် မရှိတဲ့ အကြောင်းကို ရှင်းပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

ဘောလုံး ဝေဖန် သုံးသပ်သူ အဖြစ် လုပ်ကိုင်လျှက် ရှိနေတဲ့ ဂယ်ရီ နဗီးလ် က သူ့အသင်းဟောင်း ဟာ ကွန်တီ ကို နည်းပြသစ် ခန့်အပ်ဖွယ် မရှိဘူးလို့ သုံးသပ်လိုက်ပါတယ်။

လက်ရှိ နည်းပြ ဆိုးရှားဟာ လက်စတာ ကို အဝေးကွင်းမှာ 4-2 နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ဖိအားတွေ ဝင်သွားခဲ့သလို ၊ ရှေ့လာမယ့် ပွဲစဉ်တွေကလဲ ပွဲကျပ်တွေချည်းပဲ ဆက်တိုက် ကစားရမှာ ဖြစ်တာကြောင့် ဒီလ အကုန်မှာပဲ ရာထူးကနေ ထုတ်ပယ်ခံနိုင်ရတဲ့ သတင်းတွေ ပေါ်ထွက်လျှက် ရှိနေပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ယန်းဘွိုင်း အသင်းကို ရှုံးနိမ့်ခဲ့သလို ၊ ကာရာဘောင် ဖလား ပြိုင်ပွဲမှာလဲ ဝက်စ်ဟမ်း ကို ရှုံးနိမ့်ကာ နှုတ်ထွက်လိုက်ရပါတယ်။ အဲဒီနောက် အက်စတွန် ဗီလာ ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး၊ မနှစ်က တရာသီလုံး ရှုံးပွဲ မရှိခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည်မှတ်တမ်းကလဲ လက်စတာ နဲ့ ပွဲမှာ ကျိုးပျက်သွားခဲ့ပါပြီ။

ဒါကြောင့် ပရိသတ် တချို့ က ဆိုးရှား ရဲ့ နေရာကို ကွန်တီ နဲ့ အစားထိုး ပေးဖို့ တောင်းဆိုလာခဲ့ကြပါတယ်။ ကွန်တီဟာ မကြာခင် ကမှ အင်တာ မီလန် အတွက် စီးရီးအေ ဖလားကြီးကို ပြန်လည် သိမ်းပိုက်ထားခဲ့သူ ဖြစ်ကာ ၊ ချဲဆီး နဲ့ အတူ အင်္ဂလန်မှာလဲ အောင်မြင်မှုတွေ ရှာဖွေ နိုင်ခဲ့ဖူးပါတယ်။

 

သို့သော် နဗီးလ် ကတော့ ကွန်တီ ရဲ့ ပုံစံကို ယူနိုက်တက် ဘုတ် အဖွဲ့ဝင်တွေက သဘောကျမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပြီး ၊ ဆိုးရှား ကိုပဲ ဆက်ပြီး ထောက်ခံသင့်တဲ့ အကြောင်းကို အခုလိုပဲ သုံးသပ်သွားခဲ့ ပါတယ်။

“ ကွန်တီ ဟာ ယူနိုက်တက် မန်နေဂျာ ဖြစ်လာလိမ့်မယ် လို့ မထင်ပါဘူး ။ ယူနိုက်တက် ဘက်ကလဲ သူ့ကို ချဉ်းကပ်လိမ့်မယ်လို့ မယုံကြည်ပါဘူး။ သူက ထိပ်တန်း မန်နေဂျာ တစ်ယောက်ပါ ဒါပေမယ့် သူ့စတိုင် နဲ့က တချို့ ကလပ်တွေမှာပဲ ကိုက်ညီမှု ရှိပါတယ်။

ကျနော့် တဦးတည်း အမြင်ကို ပြောရရင် ကွန်တီ နဲ့ ယူနိုက်တက် နဲ့ လုံး၀ မကိုက်ပါဘူး။ အခုန က ပြောခဲ့သလို သူဟာ ထိပ်တန်း မန်နေဂျာ တစ်ယောက် ဆိုတာလဲ သေချာပါတယ်။ ဒါပေမယ့် ယူနိုက်တက် အတွက် မှန်ကန်တဲ့ နည်းပြ မဟုတ်ဘူးလို့ မြင်မိရုံပါ။

ကွန်တီ ကို စိတ်ကြိုက် တည်ဆောက်ခွင့်ပေးလိုက်လဲ ဖလားတွေ ဆွတ်ခူးနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ကျနော်တို့ အသင်းဟာ ဟိုဆေး မော်ရင်ဟို ကိုတောင် အဲဒီ အခွင့်အရေး ပေးကြည့်ခဲ့ပါပြီးပြီ။ လူစာရင်း အရ ဆိုရင် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့သင့်ပေမယ့် ၊ တကယ်တမ်းမှာ မလုပ်ဆောင်နိုင်ခဲ့တဲ့ အပြင် ၊ နောက်ဆုံးမှာ အကုန်လုံးကတောင် ထုတ်ပယ်ပေးဖို့ တောင်းဆိုခဲ့ကြတာ မဟုတ်လား?” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး နဗီးလ် က လက်ရှိ နည်းပြ ဆိုးရှား ကိုပဲ ထောက်ခံမှု အပြည့်နဲ့ ရာထူးမှာ ဆက်ထားသင့်တဲ့ အကြောင်းကိုလဲ အခုလို ပြောပြသွားခဲ့ ပြန်ပါတယ်။

“ အိုလီ မှာ ဖိအားတွေ များနေတယ် ဆိုတာ ဟုတ်ပါတယ် ၊ ဒါပေမယ့် သူ့ကို ထုတ်ပယ်မှာ မဟုတ်ပါဘူး။ ဒါတော့ လုံးဝကို သံသယ ဖြစ်စရာ မလိုတာပါ။

ကျနော့် ပါးစပ် က ဒီလို ပြောလိုက်လို့ ယူနိုက်တက် ပရိသတ် တချို့က သဘောကျချင်မှ ကျပါလိမ့်မယ် ၊ သူတို့က နည်းပြ အပြောင်းအလဲ ဖြစ်နေတာ ကို မြင်ချင်နေတာပါ။ ကျနော် ကတော့ ဘောလုံး သမားဘ၀ ကနေ အနားယူပြီး ကတည်းက နည်းပြ တယောက်ကို ထုတ်ပယ်ပေးဖို့ တောင်းဆိုတာမျိုးတွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး။

အခုလဲ အစိုးရိမ်တွေ မကြီးကြပါနဲ့ဗျာ။ လိုလဲ မလိုသေးပါဘူး။ 19 သင်း ဖန်တွေက ယူနိုက်တက် က အဲဒီလို ဖြစ်နေတာကို မြင်ချင်ကြတာပါ။ အသင်းမှာ ရှိတဲ့ လိုအပ်ချက်တွေကို 10 မီးနစ် အတွင်း ပြင်ဆင်လို့ ရတာ မဟုတ်ပါဘူး။ သေချာ အစီအစဉ်တွေ ဆွဲပြီးမှ ၊ တရာသီလုံး ဘယ်လို ဖြတ်သန်းကြမယ် ဆိုတဲ့ အပေါ်မှာ အကောင်ထည် ဖော်ကြတာပါ။

ဖလား တလုံးမှ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ဘူး ဆိုရင်တောင် အိုလီ ကိုယ်တိုင် ဖိအားက ဘယ်လောက်များလာမလဲ ဆိုတာ သိမှာပါ။ ဒီရာထူးမှာ သူရှိနေတာ သုံးနှစ်ခွဲ ဝန်းကျင် ရှိလာပြီ ဖြစ်လို့ ပရိသတ်တွေ ရဲ့ မျှော်လင့်ချက်ကို သူ ကောင်းကောင်း သဘောက်နေလောက်ပါပြီ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR