“ဆိုးရှား က လူတော်မဟုတ်သလို ကစားသမားတွေကလည်း နည်းပြနောက်မှာ ပုန်းမနေသင့်ဘူး” – ပေါလ်မာဆွန်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မဟာပြိုင်ဘက် လီဗာပူး အသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ၅ ဂိုးပြတ် အရေးနိမ့် အပြီး မှာတော့ လူတိုင်းက အိုလေ ဂန်နာ ဆိုးရှား နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ရေစက် ကုန်ဆုံး သွားပြီလို့ ထင်မှတ် ခဲ့ကြပါတယ် ။

ဒါပေမယ့် အင်္ဂါနေ့ မှာ ပြန်လည် ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာတော့ ဆိုးရှား ဟာ ယူနိုက်တက် နည်းပြ အဖြစ် ဆက်ရှိ နေခဲ့ပြီး အစီအစဉ်တွေ ကို ကြီးကြပ် ကွပ်ကဲ သွားခဲ့ ပါတယ် ။

တနင်္လာနေ့ က ဘုတ်အဖွဲ့ဝင်တွေ အကြား ဆက်သွယ် ဆွေးနွေးမှုတွေ ရှိခဲ့ပြီး နောက်ဆုံး မှာတော့ ဂန္ထဝင် နည်းပြဟောင်း ဆာအဲလက်စ် အပါအဝင် ဘုတ်အဖွဲ့ဝင် အများစုက ဆိုးရှား ကို အခွင့်အရေး ထပ်ပြီး ပေးဖို့ သဘောတူခဲ့ ကြတာပါပဲ ။

အမှန်အတိုင်း ပြောရရင် ဒီလို ရလဒ်ပုံစံမျိုး ကျွန်တော် အရင်တုန်းက မမြင်မိခဲ့ ဖူးပါဘူး ။ ၅-၀ ပွဲတွေ အများကြီး ရှိဖူး ပါတယ် ။ ဒါပေမယ့် ဒီပွဲက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင်ပါပဲ ။ မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး ဆိုတာ ကမ္ဘာပေါ်က အပြင်းထန်ဆုံး ပြိုင်ဘက် ၂ သင်းပါ ၊ ယူနိုက်တက် အတွက်ရော လီဗာပူး အတွက်ပါ ရာသီ တခုရဲ့ အကြီးမားဆုံး ပွဲစဉ် တွေထဲက တခုပါပဲ ။ ဒါကို ယူနိုက်တက် က ဘာမှ မဟုတ်သလိုမျိုး ကစားပြီး ရှုံး သွားခဲ့ပါတယ် ။

အိုလေ ဂန်နာ ဆိုးရှား အနေနဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်နေတာ တော်တော် ကံကောင်း ပါတယ် ။

အခြား အသင်းမှာသာ ဆိုရင် ကျိန်းသေ အထုတ်ခံ ရမှာပါ ။ ယူနိုက်တက် က ဒီပွဲတင် မဟုတ်ပါဘူး ၊ နောက်ဆုံး ကစားတဲ့ ၅ ပွဲမှာ ၁ ပွဲပဲ နိုင်ထားပါတယ် ။ ဒီလို စွမ်းဆောင်မှုမျိုး နဲ့ တောင်မှ နည်းပြ ရာထူးက ခုထိ မြဲနေ သေးတာပါ ။

ဒီကလပ်မှာ ဘာတွေ ဖြစ်နေလဲ ကျွန်တော် မသိတော့ပါဘူး ။

မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး ကျွန်တော် စိုးရိမ်တဲ့ အရာ ၂ ခု ရှိပါတယ် ။ တခုက ဆိုးရှားပါ ။

အသင်းကို သူ ကိုင်လာတာ ၃ နှစ် ရှိပါပြီ ။ အကောင်းဆုံး လူစာရင်းကို ခုထိ သူ မရသေးပါဘူး ။

ငွေတိုက်သော့ကိုဖွင့် ၊ သန်း ၇၀ ထုတ်ပြီး ဆန်ချို ကို ဝယ်ပါတယ် ၊ ခုထိ ကောင်းကောင်း မကစားရသေး ပါဘူး ။

ပေါ့ဘာ ကို အသင်းက မထွက်အောင် အမျိုးမျိုး ကြိုးစားတယ် ၊ ဒီရာသီမှာ အရေးကြီးတဲ့ ပွဲတွေ မှာကျတော့ ထည့်မသုံးပြန် ပါဘူး ။

ဒါက ဆိုးရှား ရဲ့ အားနည်းချက်တွေပါ ။

နောက်တခုကတော့ ကစားသမားတွေ ပါပဲ ။ မန်ချက်စတာ ယူနိုက်တက် ကို အသင်း တသင်းလို့ မမြင်မိဘူး လို့ ရာသီ အစ တည်းက ကျွန်တော် ပြောဖူးပါတယ် ။

သူတို့ က တဦးကောင်း တယောက်ကောင်း တွေ လာစုနေတဲ့ နေရာ တခုလိုပါပဲ ။

သူတို့ ရသွားတဲ့ ဂိုးတွေ ကို ကြည့်လိုက်ရင် ဘယ်လို ဘယ်ပုံ အနေအထားကနေ ရသွားတယ် ဆိုတာ တိတိ ကျကျ ပြောဖို့ ခက်နေပါတယ် ။

လီဗာပူး ၊ ချဲလ်ဆီး ၊ မန်စီးတီး တို့ မှာလိုမျိုး တိကျ သေချာတဲ့ ကစားပုံ ၊ ကစားကွက် ဖော်ဆောင်မှု နဲ့ အသင်းလိုက် လှုပ်ရှားမှုတွေ ယူနိုက်တက် မှာ လုံး၀ ရှိမနေပါဘူး ။

ရှေ့ တက် ရင်လည်း ပြန့်ကျဲ နေပြီး နောက်ဆင်း လာကြရင်လည်း ဖရိုဖရဲ ကစဉ့်ကလျား နဲ့ပါ ။

ဒါတွေကျ နည်းပြပိုင်းထက် ကစားသမားတွေ ရဲ့ အရည်အသွေး နဲ့ အာရုံစူးစိုက်မှု အပေါ်မှာ ပိုပြီး မူတည်နေပါတယ် ။ ဘာလို့လည်း ဆိုတော့ သူတု့ိက တပတ်ကို ပေါင် သိန်းချီ ရနေတဲ့ ထိပ်တန်း ကစားသမားတွေ မို့ပါပဲ ။

ဆိုးရှား ရဲ့ ကစားသမား ဖြစ်နေရတာ သူတို့ အတွက် တော်တော် ကံကောင်းပါတယ် ။

ဖာဂူဆန် တို့ မော်ရင်ဟို တို့သာ ဒီလို ရလဒ်မျိုးနဲ့ ရှုံးခဲ့ရင် ကစားသမား ၁ ယောက် ၂ ယောက် လောက်ကတော့ အပီ ဗျင်းခံ ရမှာပါ ။ ကလော့ ၊ ဂွာဒီယိုလာ တို့ ဆိုရင်လည်း အင်တာဗျူးမှာ မုန်တိုင်းထန်နေမှာ အသေအချာ ပါပဲ ။

ဒါပေမယ့် ဆိုးရှား က သူ့လူတွေကို ဘယ်တော့မှ အပြစ်မတင်ခဲ့ပါဘူး ။ ပွဲပြီးတော့ ကင်မရာရှေ့ ကိုသွားတယ် ။

လူထုတ်ပုံကြောင့် ၊ သူ့ကြောင့် ပါဆိုပြီး တာဝန်ယူ သွားခဲ့ ပါတယ် ။ တနင်္လာနေ့ထုတ် သတင်းစာတွေရဲ့ စာမျက်နှာတွေပေါ်မှာ ကစားသမားတွေရဲ့ ပုံတွေရောက်မလာခဲ့တာ ဆိုးရှား ကြောင့်ပါပဲ ။

ဒါပေမယ့် သူတို့ က ဒီနေရာကနေ ထွက်လာသင့် ပါပြီ ။ အကြိမ်တိုင်းမှာ သူတို့ နည်းပြ ရဲ့ နောက်မှာ ပုန်းနေ ခဲ့ကြပါတယ် ။ အခု ထွက်လာဖို့ အချိန်တန်ပါပြီ ၊ ဆိုးရှား အတွက် သူတို့ တိုက်ပွဲဝင်ပေး ရတော့မှာပါ ။

အခုဆို လူတိုင်းက မန်ချက်စတာ ယူနိုက်တက် ကို မနိုင် ခဲ့ရင် စိတ်မကျေမနပ် ဖြစ်သလိုတောင် ခံစား နေကြရ ပါပြီ ။ အသင်းရဲ့ အဆင့်က ဒီလောက်ထိ ကျဆင်း သွားတာပါ ။

ဒါကို နည်းပြ တယောက်တည်း ဆွဲမတင် နိုင်ပါဘူး ။ ကစားသမားတွေ ကလည်း အဓိက ကျပါတယ် ။

ဆိုးရှား အနေနဲ့ လာမယ့် ၃ ပွဲမှာ ရလဒ်ကောင်းမှသာ သူ့နေရာ အတွက် အာမခံချက် ရှိမှာပါ ။

ဒါကို ကစားသမားတွေကပဲ လုပ်ပေး နိုင်ပါတယ် ။

သူတို့ တိုက်ခိုက်မလား . . . ဒါမှ မဟုတ် သူတို့ကို ကာကွယ်ပေးထားတဲ့ နည်းပြရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးမလား ဆိုတာကတော့ . . .

 

SPORTS MYANMAR