ဆိုးရှားသာ ရာသီကုန်ထိ ဆက်ရှိနေမယ်ဆိုရင် မန်ယူနိုက်တက်တို့ ရပ်တည်နိုင်မယ့် အဆင့်ကို ခန့်မှန်းလိုက်တဲ့ ဒါရင်းဘန့်

တော့တင်ဟမ် တိုက်စစ်မှုးဟောင်း ဖြစ်သူ ဒါရင်းဘန့်က မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့သာ အိုလီဂန်နာဆိုးရှားကို ရာသီကုန်ထိ ဆက်ခန့်ထားခဲ့မယ် ဆိုရင် အိုးထရပ်ဖို့ဒ် ကလပ် အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဒါရင်းဘန့်က ယူနိုက်တက်ဟာ လက်ရှိ ခြေစွမ်းကို တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူး ဆိုရင် top 8 ထဲမှာ ရပ်တည်နေတဲ့ ဘယ်အသင်း မဆို ၎င်းတို့ဆီက အမြင့်ဆုံး ရမှတ်ကို ရယူသွားလိမ့်မယ်လို့ ပြောသွားပါတယ်။ ခါးသီးပြိုင်ဘက် လီဗာပူးကို အိုးထရပ်ဖို့ဒ်မှာ ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးရှားရဲ့ အနာဂတ်ဟာ ဖိအားတွေ များပြားလာခဲ့သလို ယူနိုက်တက် ကလည်း ထိပ်ဆုံးနေရာက ချဲလ်ဆီးနဲ့ ၈ မှတ် အကွာ အဆင့် ၇ နေရာမှာသာ ရပ်တည် နေပါတယ်။

လက်ရှိမှာ ဆိုးရှားဟာ ဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်ကို အပြည့်အ၀ ရထားခဲ့ပေမယ့်လည်း ချဲလ်ဆီး နည်းပြဟောင်း အန်တိုနီယိုကွန်တီက ဒီရာထူးကို လက်ခံရန် အသင့် ဖြစ်နေတာကြောင့် ဆိုးရှားဟာ ဖိအားတွေ အတော် များနေပြီ ဖြစ်ပါတယ်။ ဒါရင်းဘန့် ကလည်း ဆိုးရှားသာ ရာသီကုန်ထိ မန်ယူနိုက်တက် နည်းပြ အဖြစ် ဆက်ရှိနေခဲ့မယ် ဆိုရင် လာမည့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတယ်။

ဒါရင်းဘန့်က “အကယ်၍ သူတို့သာ ရာသီကုန်ထိ ဆိုးရှားကို ဆက်ပြီး ခန့်အပ်ထားခဲ့မယ် ဆိုရင် အဆင့် ၇ နေရာနဲ့ပဲ ရာသီသိမ်းနိုင်မှာပါ။ အကယ်၍ ယူနိုက်တက်သာ အတ္တလန်တာ လီဗာပူး တို့နဲ့ ပွဲတွေကလိုမျိုး ကစားသွားခဲ့မယ် ဆိုရင် top 8 ထဲမှာ ရပ်တည်နေတဲ့ ဘယ်အသင်း မဆို သူတို့ကို ဘယ်အချိန်ပဲ ဖြစ်ဖြစ် အနိုင် ကစားနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

သရဲနီဟောင်း ဖြစ်သူ ပေါလ်အင့်က ဆိုးရှားဟာ သူပိုင်ဆိုင်ထားတဲ့ အရည်အသွေးမြင့် ကစားသမားတွေ ဆီကနေ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ထုတ်ယူနိုင်စွမ်း မရှိဘူးလို့ မကြာသေးမီက ပြောထားခဲ့ပြီး ဘန့်ကလည်း မန်နေဂျာ အနေနဲ့ ကစားသမားတွေထံ သူ အလိုရှိတဲ့ ပုံစံအတိုင်း ကစားနိုင်ရန် ရှင်းလင်းတဲ့ မက်ဆေ့ချ် ပေးသွားဖို့ လိုအပ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ဘန့်က “လီဗာပူး ချဲလ်ဆီး မန်စီးတီး တို့ကို ကြည့်လိုက်ပါ။ သူတို့ဟာ ရှေ့တန်းကနေ pressing ကို စတင်ပြီး ဘောလုံးကို ပြန်လည် ရယူဖို့ အတွက် တကယ့်ကို ပြင်းပြင်းထန်ထန် အားထုတ်လေ့ ရှိပါတယ်။ ကျွန်တော် ယူနိုက်တက်ကို ကြည့်လိုက်တဲ့ အခါမှာ အထူးသဖြင့် နောက်ဆုံး ပွဲစဉ် တစ်ချို့မှာ တစ်ချို့ ကစားသမားတွေကပဲ ပရိတ်သတ်တွေ စိတ်ကျေနပ်မှု ရစေဖို့ အတွက် press လုပ်ပါတယ်။ ပရိတ်သတ်တွေကို ‘ဒီမှာကြည့်လိုက်ပါ။ ငါကြိုးစားနေတယ်’ ဆိုတဲ့ ပုံစံမျိုး ပြသရုံလောက်နဲ့ ဘောလုံး ပြန်ရနိုင်ဖို့ လုံးဝအခွင့်အရေး မရှိပါဘူး။

ဒါဟာ ကောင်းမွန်တဲ့ coaching အပေါ် မူတည်ပါတယ်။ ဘယ်လို တိုက်စစ်ဆင်ရမယ် ဘယ်လို ခံစစ် ကစားရမယ် အတူတကွ ဘယ်လို press လုပ်ရမလဲ ဆိုတာကို လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်တဲ့ အပေါ် မူတည်ပါတယ်။ ကွင်းထဲရောက်မှ လုပ်ပြတာမျိုးဟာ မလုပ်မဖြစ်ပါဘူး။ ဒီလို အဆင့်မှာ လုံး၀ မဖြစ်နိုင်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

 

SPORTS MYANMAR