ဆိုးရှားသာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရမယ်ဆိုရင် ၎င်းရဲ့နေရာမှာ လီဗာပူးနည်းပြဟောင်းနဲ့ အစားထိုးရန် ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ကော်လီမိုး

လီဗာပူး တိုက်စစ်မှုးဟောင်း စတန်ကော်လီမိုးက အကယ်၍ မန်ချက်စတာယူနိုက်တက် အသင်းဟာ အိုလီဂန်နာဆိုးရှားကို နည်းပြ ရာထူး ကနေ ထုတ်ပယ်လိုက်မယ် ဆိုရင် လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာဟာ ဒီရာထူး အတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။

ဆိုးရှားဟာ လာမည့် တစ်ပတ် တော့တင်ဟမ်နဲ့ အဝေးကွင်း ပွဲစဉ် မတိုင်မီ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခါးသီးပြိုင်ဘက် လီဗာပူးကို အိုးထရပ်ဖို့ဒ်မှာ ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ ရာထူး တည်မြဲရေး အတွက် ဖိအားတွေ အတော် များပြား သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဆိုးရှားရဲ့ နေရာမှာ အန်တိုနီယိုကွန်တီ ၊ ဇနက်ဒင်းဇိဒန်း ၊ အိုင်ယက်နည်းပြ အဲရစ်တန်ဟတ် နဲ့ လက်စတာ နည်းပြ ရော်ဂျာ တစ်ဦးဦး အစားထိုး သွားမယ်လို့ မီဒီယာတွေထက်မှာ သတင်းတွေ ပျံ့နှံ့လျက် ရှိနေပါတယ်။

 

စတန်ကော်လီမိုး ကတော့ လွန်ခဲ့တဲ့ ၂၀၁၃-၁၄ ရာသီက လီဗာပူးကို ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးပေးနိုင်လုနီးပါး ဖြစ်ခဲ့တဲ့ အပြင် လက်စတာမှာ အကောင်းဆုံး လုပ်ပြနေတဲ့ ရော်ဂျာ ကသာ ယူနိုက်တက် အတွက် အသင့်တော်ဆုံးသူ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ကော်လီမိုးက “ကျွန်တော့်ရဲ့ အမြင် ကတော့ လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာဟာ လက်ရှိ အိုးထရပ်ဖို့ဒ်မှာ လိုအပ်တဲ့ အရာတွေ အတွက် ကဏ္ဍတိုင်းမှာ ကိုက်ညီမှု ရှိတဲ့ နည်းပြလို့ ထင်ပါတယ်။ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ အိုလီ့ကို ထောက်ခံထားဆဲ ဖြစ်ပြီး အချိန်တွေ ထပ်ပေးသွားအုံးမှာပါ။ ဒါပေမယ့် ကမ္ဘာ့ဘောလုံး လောကရဲ့ အကြီးကြယ်ဆုံး ကလပ်တွေ ထဲက တစ်ခု ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ဟာ သူ့အတွက် ကြီးမားတဲ့ လော်ရီကားကြီးလို ထိန်းချုပ် မောင်းနှင်ရတာ ခက်ခဲလွန်း နေသလို ပါပဲ။

အကယ်၍ ဒီလော်ရီကားကြီး ရပ်တန့် သွားခဲ့မယ် ဆိုရင်တော့ ယူနိုက်တက် ဘုတ်အဖွဲ့ အနေနဲ့ လက်စတာ နည်းပြကို မဖြစ်မနေ ခန့်အပ်သွားရမှာပါ။ ရော်ဂျာဟာ လီဗာပူး နဲ့ ဆက်သွယ်မှု ရှိခဲ့တယ် ဆိုတဲ့ အရာကိုတော့ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ခေါင်းထဲကနေ မဖြစ်မနေ ထုတ်သွားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ရော်ဂျာဟာ လွန်ခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီလက စတင်ကာ လက်စတာကို ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီဆက် the Foxes တို့ကို ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာ ရပ်တည် စေခဲ့ပါတယ်။ ဒါ့အပြင် ရော်ဂျာဟာ ပြီးခဲ့တဲ့ ရာသီက လက်စတာကို အက်ဖ်အေဖလား ချန်ပီယံ ဖြစ်စေခဲ့သလို ဒီရာသီ အစက ကွန်မြူနတီဒိုင်း ပွဲစဉ်မှာလည်း မန်စီးတီးကို အနိုင်ယူကာ ဗိုလ်စွဲထားခဲ့ပါသေးတယ်။

SM