ဆာလား နဲ့ ဆွာရက်ဇ် တို့ရဲ့ အကောင်းဆုံးပုံစံမှာ ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာ ပြောပြလိုက်တဲ့ ဖာဒီနန်နဲ့ အို၀င်

မန်ယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန် နဲ့ လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အို၀င် တို့ဟာ မိုဟာမက်ဆာလား vs လူး၀စ်ဆွာရက် debate မှာ ပါ၀င်ခဲ့ကြပြီး ၎င်းတို့ရဲ့ အကောင်းဆုံး ပုံစံမှာ ဘယ်သူ့ကို ကိုယ့်ရဲ့ အသင်းအတွက် ရွေးချယ်သွားမလဲ ဆိုတာ ပြောပြခဲ့ကြပါတယ်။

လီဗာပူးကို ပရီးမီးယားလိဂ် ဖလား နဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ရယူပေးထားခဲ့တဲ့ ဆာလားဟာ ဒီရာသီမှာတော့ သူ့ကစားသမား ဘ၀ တစ်လျှောက် အကောင်းဆုံး ပုံစံကို ရရှိနေပြီး မန်ချက်စတာစီးတီး နဲ့ ၀က်ဖို့ဒ် တို့နဲ့ ပွဲစဉ်က တစ်ကိုယ်တော် သွင်းဂိုးတွေ အပါအ၀င် ဒီရာသီ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။

လူး၀စ်ဆွာရက်ဇ် ကလည်း လွန်ခဲ့တဲ့ ၂၀၁၃-၁၄ ဘောလုံးရာသီက သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အတူ လီဗာပူးကို ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး ပေးနိုင်လုနီးပါး ဖြစ်ခဲ့ပြီး အဆိုပါ ရာသီမှာ ဥရုဂွေး လက်ရွေးစင်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆု အကုန်လုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန် ကတော့ သူ့အနေနဲ့ အကောင်းဆုံး ပုံစံ ရနေတဲ့ ဆွာရက်ဇ်ထက်စာရင် အကောင်းဆုံး ပုံစံမှာ ရှိနေတ့ ဆာလား ကိုပဲ ရွေးချယ်သွားမယ်လို့ ဆိုသွား ပါတယ်။

ဖာဒီနန်က “ကျွန်တော် ကတော့ မိုဆာလား ကိုပဲ ယူသွားမှာပါ။ ပြီးခဲ့တဲ့ ၄ ရာသီ အတွင်း လီဗာပူး အတွက် သူ လုပ်ပြခဲ့တာတွေဟာ တကယ့်ကို ကြီးကြယ် ခမ်းနား လှပါတယ်။ အချိုပေါ် သကာလောင်းတဲ့ အရာ ကတော့ ဆာလားဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် တို့လို ကြီးကြယ်တဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူး အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေတာ ပါပဲ။

သူ့ရဲ့ ကစားပုံဟာ တကယ့်ကို ကြည့်လို့ ကောင်းပါတယ်။ သူဟာ ပင်နယ်တီ ဧရိယာ အတွင်း အပြင် ကနေ ပြိုင်ဘက်ခံစစ်ကြောင်းတွေကို ဒုက္ခပေးနေပါတယ်။ လက်ရှိ မော်ဒန်ခေတ်မှာ ကျွန်တော် သူ့ကို ကျော်ပြီး ဘယ်သူ့ကိုမှ မမြင်မိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အို၀င် ကတော့ ဖာဒီနန်နဲ့ အမြင်တူခြင်း မရှိဘဲ လွန်ခဲ့တဲ့ ၂၀၁၃-၁၄ ဘောလုံးရာသီက ဆွာရက်ရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်သူမှ လိုက်မမှီနိုင်တဲ့ အရာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

 

အို၀င်က “ခင်ဗျားတို့ မေးခွန်းထုတ်ခဲ့တဲ့ အရာက ‘တစ်ရာသီစာ အတွက် ဘယ်သူ့ကို ကိုယ့်အသင်း အတွက် ရွေးချယ်ချင်သလဲ?’ ဆိုတာ မဟုတ်လား။ လွန်ခဲ့တဲ့ ၂၀၁၃-၁၄ ရာသီက ဘရန်ဒန်ရော်ဂျာရဲ့ လက်အောက်မှာ ကစားခဲ့တဲ့ ဆွာရက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို ပြန်ကြည့်လိုက်ပါ။

ကျွန်တော့်ရဲ့ ဘ၀မှာ ကစားသမား တစ်ဦး ဒီလိုမျိုး စွမ်းဆောင်ပြခဲ့တာကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ သူဟာ အဲဒီရာသီက တကယ့်ကို အံ့ဖွယ်ပါပဲ။ ကျွန်တော် ကတော့ ဆွာရက်ဇ် ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM