ဆာလားရဲ့ စာချုပ်သစ်ကိစ္စ ကြန့်ကြာနေရတဲ့ အကြောင်းရင်းကို သုံးသပ်လိုက်တဲ့ ဂျွန်ဘန်း

အန်ဖီးဂန္တဝင် ဂျွန်ဘန်းက မိုဟာမက်ဆာလားဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေပေမယ့် လီဗာပူး တာဝန်ရှိသူတွေ အနေနဲ့ ၎င်းကို ကာလရှည် စာချုပ်သစ် ကမ်းလှမ်းရာမှာ သတိကြီးကြီး ထားသင့်တယ်လို့ ပြောသွားပါတယ်။ အီဂျစ်စတားဟာ သူ့ကစားသမား ဘဝရဲ့ အကောင်းဆုံး ပုံစံကို ရရှိနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ၅-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်က ဟက်ထရစ် အပါအဝင် ဒီရာသီ လီဗာပူးအတွက် ၁၅ ဂိုး သွင်းယူပေးထားခဲ့ပြီး ဖြစ်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဟန်ဒါဆန် ဖာဘင်ညို ရောဘတ်ဆန် ဗန်ဒိုက် အလီဆွန် အလက်ဇန်းဒါးအာနိုး စတဲ့ အဓိက ကစားသမားတွေကို ကာလရှည် စာချုပ်သစ်တွေ ချုပ်ဆိုနိုင်ခဲ့ပေမယ့်လည်း ဆာလားရဲ့ စာချုပ်သစ် ကိစ္စကတော့ လက်ရှိ အချိန်ထိ လိပ်ခဲတည်းလည်း ဖြစ်နေဆဲ ဖြစ်ပါတယ်။

လူတော်တော်များများက လက်ရှိမှာ အကောင်းဆုံး ခြေစွမ်းပြသနေတဲ့ ဆာလားကို သူ အလိုရှိတဲ့ အတိုင်း စာချုပ်သစ် ကမ်းလှမ်းရန် တိုက်တွန်းနေကြပေမယ့်လည်း ဂျွန်ဘန်း ကတော့ လာမည့် ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အသက် ၂၉ နှစ်အရွယ် ကစားသမားကို ကာလရှည် စာချုပ်သစ် ကမ်းလှမ်းဖို့ အတွက် ကလပ်ဘက်က သတိကြီးကြီး ထားနေတယ်လို့ ပြောသွားပါတယ်။

ဘန်းက “အခုချိန်မှာ ဆာလားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ လ ၃ လ အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေခဲ့တာပါ။ လက်ရှိစာချုပ် အရ လီဗာပူးဟာ သူ့ကို လာမည့် ၂ နှစ်လောက် ပိုင်ဆိုင်ထားအုံးမှာ ဖြစ်ပါတယ်။ ဒါဟာ အရမ်းကို အရေးကြီးပါတယ်။ ပြသနာ ကတော့ ဆာလားရဲ့ အခြေအနေဟာ ဂျီနီဝိုင်နယ်ဒန် တုန်းကလိုမျိုး ပုံစံ ဖြစ်နေတာ ပါပဲ။

 

ဆာလားရဲ့ လက်ရှိ စာချုပ်မှာ ၂ နှစ်သက်တမ်း ကျန်နေပါသေးတယ်။ အကယ်၍ သူ့ဘက်က ၅ နှစ် စာချုပ် လိုချင်နေတယ်ဆိုရင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ သူ့အသက်က ၃၄ ဖြစ်သွားပါပြီ။ အသက် ၃၄ နှစ် အရွယ်မှာ သူဟာ ယခုလိုမျိုး အဖိုးတန်ချင်မှ တန်တော့မှာပါ။ ဒါဟာ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေပါ။ လီဗာပူး အတွက် ကစားပေးနေစဉ်မှာ သူဟာ အသင်း အတွက် အာရုံစိုက် ကစားပေးနေတာဟာ အရေးပါပါတယ်။ အနည်းဆုံးတော့ လာမည့်နှစ်ထိ ဒီလိုမျိုး ဖြစ်နေမှာပါ။

ဒါပေမယ့် အကယ်၍ အသင်းဘက်က ဆာလားကို ကမ္ဘာပေါ်မှာ လစာအမြင့်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်စေခဲ့မယ်ဆိုရင် သူ အသက် ၃၃ နှစ် အရွယ် ရောက်တဲ့အခါ သူဟာ အသင်းရဲ့ ပွဲထွက် ကစားသမား ဖြစ်ချင်မှ ဖြစ်တော့မှာပါ။ ဘာလို့လဲဆိုတော့ အသက်အရွယ် ကြီးရင့်လာလို့ ဒါမှမဟုတ် ကြံ့ခိုင်မှု မပြည့်ဝလို့ ဖြစ်နိုင်ပါတယ်။ သူဟာ ကြီးမားတဲ့ လစာကို ရယူထားတာကြောင့် လီဗာပူး အနေနဲ့ နောက်ထပ် ထိပ်တန်း တိုက်စစ် ကစားသမားကို ဘယ်လိုလုပ်ပြီး ခေါ်ယူလို့ ရနိုင်မှာလဲ?

စာချုပ်တွေဟာ အရေးမပါပါဘူး။ အရေးကြီးဆုံး အရာကတော့ လီဗာပူးဟာ သူ့ကို လာမည့် ၂ နှစ်ထိ ပိုင်ဆိုင်ထားအုံးမှာ ဖြစ်လို့ပါ။ သူဟာ လီဗာပူးမှာ သူချစ်တဲ့ ကလပ်အတွက် အပြည့်အ၀ အားထုတ်ပေးခဲ့သူ ဖြစ်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM