ဆာကာ ကို ဖြတ်ကန်ခဲ့တဲ့ မက်အာသာ အနီကဒ် မပြခံရတဲ့ အပေါ် အာတီတာ ၊ ဗီအဲရာ ၊ အီယန်ရိုက် နဲ့ ကာရေဂါ တို့ရဲ့အမြင်များ

 

အာဆင်နယ် အသင်း နည်းပြ အာတီတာ က ခရစ္စတယ် ပဲလေစ့်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဆာကာ ကို နောက်ကနေ ဖြတ်ကန်ခဲ့တဲ့ မက်အာသာ အနီကဒ် မပြခံရဘဲ ကွင်းထဲမှာ ဆက်ရှိနေတဲ့ အပေါ် နားမလည် နိုင်အောင် ဖြစ်ရကြောင်း ပြောကြား လိုက်ပါတယ် ။

 

ပထမပိုင်းပြီးခါနီးမှာ ပဲလေစ့် ကွင်းလယ်လူ မက်အာသာ ဟာ ဆာကာ ရဲ့ ညာခြေထောက်ကို နောက်ကနေ ကန်ခဲ့တာ ဖြစ်ပြီး ဆိုးရွားတဲ့ ပြစ်ဒဏ် ကျူးလွန်မှု ဖြစ်ပေမယ့် ကွင်းလယ် ဒိုင်လူကြီး မိုက်ဒင်း ကတော့ အဝါကဒ်ပဲ ပြသ ခဲ့ပါတယ် ။

 

မက်အာသာ ရဲ့ ဖျက်ထုတ်မှုကြောင့် ဆာကာ ဟာ ကွင်းထဲမှာ ဆက်မကစားနိုင်တော့ဘဲ လိုကွန်ဂါ နဲ့ လူစားလဲ ခဲ့ရပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ” မက်အာသာ ကို အနီကဒ် ပြရမှာ အသေအချာပါပဲ ။ ”

 

” သူဘာကြောင့် ကွင်းထဲမှာ ဆက်ရှိနေသလဲ ဆိုတာ လုံးဝ နားမလည် နိုင်ပါဘူး ၊ကျွန်တော်တို့ ဆာကာ ကို လူစားလဲလိုက်ရပါတယ် ၊ သူ ဆက်မကစားနိုင်တော့တာကြောင့်ပါ ၊ သူ ဂိုးဧရိယာထဲမှာ အတော်လေး နာကျင် ခံစားနေခဲ့ရပါတယ် ။ ”

” အဲ့ဒီ အဖြစ်အပျက်ကို တွေ့တဲ့ အချိန်မှာ ပဲလေစ့် ကစားသမားက ဘယ်လို အကြောင်းကြောင့် ကွင်းထဲမှာ ဆက်ရှိနေနိုင်သလဲဆိုတာ လုံးဝ နားမလည် နိုင်ပါဘူးဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

လီဗာပူး နောက်ခံလူဟောင်း ကာရေဂါ ကလည်း အာတီတာ ရဲ့ပြောစကားကို ထောက်ခံ သွားခဲ့ပါတယ် ။ ” မက်အာသာ တစ်ယောက် ဆာကာကို မမြင်နိုင်စရာ အကြောင်းလုံးဝ မရှိပါဘူး ၊ မက်အာသာ ကို အနီကဒ် နဲ့ ထုတ်ပယ်ခဲ့ရင် စောဒက တက်မယ့်သူ ဘယ်သူမှ ရှိမှာ မဟုတ်ပါဘူး ။ ”

” VAR ကလည်း ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက် ပြင်ဆင်ပြီး အနီကဒ် ပြရမှာ ဖြစ်ကြောင်း ဆုံးဖြတ်ပေးဖို့ ဝန်လေးနေခဲ့ပုံပါပဲ ။ တကယ့်ကို ဆုံးဖြတ်ချက် အမှားကြီးပါပဲ ၊ မက်အာသာ က ဆာကာကို ဆိုးဆိုးရွားရွား ကန်ခဲ့တာပါ ။ ”

ခရစ္စတယ်ပဲလေစ့် နည်းပြ ဗီအဲရာကတော့ ဆာကာ နဲ့ မက်အာသာ ဖြစ်ရပ်ကို မမြင်ခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် က ” ထုတ်ပယ် ရမယ့် အနေအထားပါပဲ ၊ မက်အာသာ အနေနဲ့ ဆာကာ အဲ့ဒီနေရာမှာ ရှိနေတာကို မသိဘူးလို့ လုံးဝ ပြောလို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး ။ ”

” ကစားသမား တစ်ဦး ရှိနေတာကို သူသိပါတယ် ၊ သူ့ခြေထောက်ကို ပြန်သိမ်းဖို့ မတတ်နိုင်ခဲ့ဘူးလို့ ပြောမရပါဘူး ။ သူ့ရဲ့ဖျက်ထုတ်မှုက ဆိုးရွားတဲ့ ဖျက်ထုတ်မှု မဟုတ်ဘူးလား ၊ သူ ဘာကြောင့် ဆက်ကစားခွင့် ရနေသေးတာလဲ ၊ သူတို့(ဒိုင်လူကြီးနဲ့VAR ဒိုင်များ) ဒါကို မတွေ့ကြဘူးလား ၊ ဘယ်လိုလုပ် မတွေ့နိုင်ရမှာလဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM