စံချိန် မှတ်တမ်းတွေ ထပ်ယူပြသွားပြန်ပြီ ဖြစ်တဲ့ မို ဆာလာ

သီအာရီ အွန်နရီ ကတော့ မို ဆာလာ ထက် ဘန်ဇီးမား ၊ လီဝန်ဒေါ့စကီး တို့က ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ယူနိုက်တက် နဲ့ ကစားတဲ့ ပွဲပြီးတဲ့ အထိ သူ့ရဲ့ အမြင်က ပြောင်းလဲခြင်း မရှိဘူးဆိုရင်တော့ သူဟာ သူ့ရဲ့ နိုင်ငံသား ဘန်ဇီးမား ဘလွန်းဒီအော် ရဖို့ အတွက် လော်ဘီ လုပ်ပေးနေတယ်လို့ပဲ မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ မို ဆာလာ ဟာ ပရီးမီးယားလိဂ် သမိုင်းကြောင်းထဲက ထိပ်တန်း တိုက်စစ်မှုးတွေတောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့တဲ့ “အိုးထရက်ဖို့ဒ် မှာ ဟတ်ထရစ် သွင်းပြနိုင်တဲ့ မှတ်တမ်းမျိုးကို” မနေ့ည ရယူသွားခဲ့ ပါတယ်။

အဂ်လန် ထိပ်တန်း အမှတ်ပေးပြိုင်ပွဲကို “ပရီးမီးယားလိဂ်” လို့ ပြောင်းလဲခဲ့ပြီး နောက်ပိုင်း ၊ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ ယူနိုက်တက် ဘက်ကို ပရီးမီးယားလိဂ် ဟတ်ထရစ် သွင်းယူပြနိုင်တဲ့ ကစားသမားမျိုး ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် မို ဆာလာ ဟာ ပရီးမီးယားလိဂ် သမိုင်းကြောင်း တလျှောက် ယူနိုက်တက် ဘက်ကို သူတို့ကွင်းထဲမှာ ဟတ်ထရစ် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းသစ် ရေးထိုးသွားခဲ့ ပါတယ်။

ဒါ့အပြင် သူဟာ ယူနိုက်တက် ကို အဝေးကွင်းမှာ 3 ပွဲ ဆက်တိုက် ဂိုးတွေ သွင်းယူပြနိုင်တဲ့ ပထမဆုံး လီဗာပူး ဘောလုံးသမား အဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ယခင် ကတော့ အာဖရိက ဘောလုံးသမားတွေ ထဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ဘောလုံးသမား အဖြစ် ချဲဆီး တိုက်စစ်မှုးဟောင်း ဒရော့ဘာ က 104 ဂိုး နဲ့ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ မို ဆာလာ က အဲဒီ စံချိန်ကို 107 ဂိုး နဲ့ ကျော်ဖြတ်လိုက်ပါပြီ။

 

အေတီကို နဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူး သမိုင်းကြောင်း တလျှောက် ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ မို ဟာ ယူနိုက်တဲ့ ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းထားတဲ့ အာဖရိက ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ထပ်မံ ပိုင်ဆိုင်ခဲ့ပြန်ပါပြီ။

အဲဒီလို သွင်းဂိုး မှတ်တမ်းတွေ ဆက်တိုက် ပိုင်ဆိုင်နေပေမယ့် ကာယကံရှင် ကစားသမား ကိုယ်တိုင်ကတော့ အသင်း နိုင်ပွဲတွေ ရတာကိုပဲ ပိုပြီးတော့ ကျေနပ်မိတဲ့ အကြောင်းကို အခုလို ရင်ဖွင့်လာခဲ့ ပါတယ်။

 

“ အပွင့်လင်းဆုံး ဝန်ခံရရင် ကျနော့် ရဲ့ စံချိန် မှတ်တမ်းတွေထက် အသင်းက နိုင်ပွဲ ဆက်နေတာ ပိုပြီး ကျေနပ်ပါတယ်။ ကျနော် က ဂိုးသွင်းဖို့ပဲ အာရုံစိုက်နေတာ မဟုတ်ပါဘူး။ ဂိုးဖန်တီးမှုတွေပါ အကောင်းဆုံး လုပ်ပေးချင်တာပါ။

မနေ့ညက ရယူခဲ့တဲ့ ဦးဆောင်ဂိုး ဆိုရင် ကျနော် သွင်းလိုက်လို့ ရပါတယ်။ ဒါပေမယ့် နာဘီ ကိုပဲ ပေးလိုက်တယ်လေ။ ကျနော့် ခံယူချက်က အသင်းအတွက် အကောင်းဆုံးတွေနဲ့ပဲ အမြဲတမ်း ပေးနိုင်ဖို့ပါပဲ” လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ ပါတယ်။

အခုဆိုရင် မို ဆာလာ ဟာ လီဗာပူး သမိုင်းကြောင်း တလျှောက် ပြိုင်ပွဲ ပေါင်းစုံ စုစုပေါင်း 10 ပွဲ ဆက်တိုက် ဂိုးတွေ သွင်းယူနိုင်တဲ့ ပထမဆုံး ဘောလုံးသမား အဖြစ် မှတ်တမ်းသစ်ကို ရေးထိုးလိုက်ပြန်ပြီ ဖြစ်ပါတယ်။

ယခင် ပွဲစဉ်တွေမှာတော့ သူဟာ ခြေစွမ်းတွေ ဆက်တိုက်ပြရင်း ဂိုးတွေ သွင်းပြခဲ့သည့်တိုင်အောင် ၊ ဟတ်ထရစ် ရယူနိုင်ခြင်း မရှိခဲ့ပေမယ့် ၊ မဟာပြိုင်ဘက်ကြီး ယူနိုက်တက် နဲ့ တွေ့တဲ့ ပွဲရောက်မှာ ဟတ်ထရစ် သွင်းပြသွားတာ ကျေနပ်စရာပါ။

ဒါဟာ ဒီရာသီ သူ့ရဲ့ ပထမဆုံး ဟတ်ထရစ်ဂိုး ဖြစ်သလို ၊ လီဗာပူး ကစားသမားတွေ ထဲမှာတော့ ဖာမီနို ပြီးရင် ဒုတိယမြောက် ဟတ်ထရစ် သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

လက်ရှိ အချိန်ထိ သူ့ရဲ့ စုစုပေါင်း သွင်းဂိုး ဟာ 12 ပွဲ ကစားအပြီး 15 ဂိုး အထိ ရှိနေကာ ၊ ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းထားသူ စာရင်းမှာတော့ 10 ဂိုး နဲ့ ထိပ်ဆုံးကနေ ရပ်တည်နေပြီး ၊ ချန်ပီယံလိဂ်မှာတော့ စုစုပေါင်း 5 ဂိုး နဲ့ အေဂျက် တိုက်စစ်မှုး ဟယ်လာရဲ့နောက် (6 ဂိုး) ဒုတိယ နေရာမှာ ရှိနေပါတယ်။

ဒီစံချိန် မှတ်တမ်းတွေကို ကြည့်ရင်ပဲ မို ဆာလာ ကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် လက်ခံပေးကြလောက်ပါပြီ။

SPORTS MYANMAR