စပိန်မြေမှာ အေတီကို ကို အနိုင်ယူခဲ့တဲ့ လီဗာပူး ပွဲက စိတ်ဝင်စားစရာ အချက် ၅ ချက်

လီဗာပူး ဟာ ယမန်နေ့ က စပိန်မြေကို သွားရောက်ကာ လာလီဂါ ထိပ်သီး ကလပ် အက်သလက်တီကို မက်ဒရစ် နဲ့ ရင်ဆိုင် ကစားပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

လီဗာပူး ဟာ ဒီပွဲ အတွက် အတောင့်တင်းဆုံး လူစာရင်းကို ပြင်ဆင် ခဲ့ပြီး ရှေ့တန်းမှာ ဆာလာ ၊ မာနေး ၊ ဖာမီနို ၊ ကွင်းလယ်မှာ မေနာ ၊ ကီတာ နဲ့ ဟန်ဒါဆင် တို့ ပါဝင် ခဲ့သလို ခံစစ်မျာလည်း ဗန်ဒိုက် ၊ အာနိုး ၊ မာတစ် ၊ ရောဘတ်ဆန် ၊ အဲလစ်ဆွန် တို့နဲ့ လူစုံ ပွဲထွက်လာခဲ့ ပါတယ် ။

အိမ်ရှင် အက်သလက်တီကို ဘက်မှာတော့ ဂရစ်ဇ်မန်း နဲ့ ဂျာအို ဖိလစ် တို့ တိုက်စစ်ကို ဦးဆောင် လာခဲ့ပြီး လီဗာပူး ကစားသမားဟောင်း လူးဝစ် ဆွာရက် ကတော့ အရန်ခုံမှာသာ ရှိနေခဲ့ ပါတယ် ။

အေတီကိ နည်းပြ ဆီးမြွန်းနီ ဟာ ၅-၃-၂ ကစားကွက် ကို ခင်းကျင်း ခဲ့တာ ဖြစ်ပြီး ခံစစ် မှာ ကွန်ဒေါ့ဘီယာ ၊ ဖိလစ်ပီ ၊ ဟာမိုဆို ၊ ကာရက်စ်ကို နဲ့ ထရစ်ပီယာ တို့ကို ထားရှိ ကစားသွားခဲ့ ပါတယ် ။

လီဗာပူး အတွက် ပွဲအစ ၈ မိနစ် မှာပဲ တိုက်စစ်မှူး မိုဟာမက် ဆာလာ က အဖွင့်ဂိုး စတင် သွင်းယူ ပေးသွားခဲ့ သလို ၁၃ မိနစ် မှာလည်း ကီတာ က ဂိုးထပ်သွင်းပြီး လီဗာပူး ကို ၂ – ၀ နဲ့ ဦးဆောင် နေစေခဲ့ ပါတယ် ။ ဒီဂိုးတွေကို အေတီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း က ၂၀ နဲ့ ၃၄ မိနစ်တွေမှာ ပြန်လည် ချေပခဲ့ပြီး ပထမပိုင်း ကို ၂ ဂိုးစီ သရေ ရလဒ် နဲ့ အဆုံးသတ်စေခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပြီး အေတီကို ဘက်က ဂရစ်ဇ်မန်း ၅၂ မိနစ် မှာ အဝင်ကြမ်းလို့ တိုက်ရိုက် အနီကတ် နဲ့ ထုတ်ခံ ခဲ့ရသလို ပွဲချိန် အတွင်း ရရှိတဲ့ ပင်နယ်တီ ကိုလည်း VAR ကြည့်ကာ ပြန်လည် ပယ်ဖျက် သွားခဲ့ ပါတယ် ။

လီဗာပူး ကတော့ ၇၈ မိနစ် မှာ ရရှိတဲ့ ပင်နယ်တီ ကနေ မိုဟာမက် ဆာလာ ဝင်အောင် ကန်သွင်းပြီး အဝေးကွင်း မှာ တန်ဖိုးရှိလှတဲ့ နိုင်ပွဲ တပွဲကို ရယူ သွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာ မြင်တွေ့ ခဲ့ရတဲ့ စိတ်ဝင်စားစရာ အချက်တွေ ကတော့ –

 

၁ ။ လီဗာပူးအတွက် စံချိန်ထပ်ယူပြန်တဲ့ မိုဆာလာ

ဒီရာသီမှာ မိုဟာမက် ဆာလာ တယောက် အရမ်းကို ကောင်းနေခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် မှာ လှပတဲ့ ဂိုးတွေ သွင်းပြီး ပုံစံကောင်းတွေ ပြသနေမှုကို ဆာလာ တယောက် ဥရောပ ပွဲစဉ်တွေ အထိ ယူဆောင်လာခဲ့ ပါတယ် ။

ကနဦးက ဆာလာ သွင်းယူတဲ့ ဂိုးကို အသင်းဖော် ဂျိမ်းစ် မေနာ သွင်းယူတယ်လို့ သတ်မှတ်ခဲ့ ပေမယ့် နောက်ပိုင်း မှာတော့ ဆာလာ သွင်းယူတယ်လို့ အတည်ပြုခဲ့ ပါတယ် ။

ဒီဂိုးကြောင့် မိုဟာမက် ဆာလာ ဟာ လီဗာပူး အသင်းရဲ့ သမိုင်းမှာ ပထမဆုံးသော ၉ ပွဲ ဆက်တိုက် ဂိုးသွင်း နိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ဆာလာ ဟာ ဒုတိယပိုင်းမှာ ရရှိတဲ့ ပင်နယ်တီ ကိုလည်း ဝင်အောင် ကန်သွင်းခဲ့ပြီး လီဗာပူး ကို ၃ မှတ် နဲ့ အိမ်ပြန် စေခဲ့ ပါတယ် ။ လာမယ့် ပိတ်ရက်မှာတော့ လီဗာပူး ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင် ရမှာပါ ။ ဆာလာ တယောက် ၁၀ ပွဲဆက်တိုက် ဂိုးသွင်း နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် ။

၂ ။ ကီတာ အတွက် အရေးပါတဲ့ နေ့တနေ့

နာဘီ ကီတာ ဟာ မိုဆာလာ ရဲ့ အဖွင့်ဂိုး အပြီး ၅ မိနစ် အကြာမှာပဲ သေသပ် ကောင်းမွန်တဲ့ မြေမကျ ကန်ချက် နဲ့ လီဗာပူး အတွက် ဒုတိယဂိုးကို သွင်းပေးခဲ့ ပါတယ် ။

ဒီဂိုး ဟာ ကီတာ အတွက် သူ့အပေါ် ယုံကြည် စိတ်ရှည် ပေးခဲ့တဲ့ လီဗာပူး ကို ပြန်လည် ပေးဆပ် ခဲ့တာလို့ ဆိုရင် မမှားနိုင်ပါဘူး ။

ဒဏ်ရာတွေကြောင့် လီဗာပူး ရဲ့ ပွဲထွက် နေရာကို ဆုံးရှုံး ခဲ့ရတဲ့ ကီတာ ဟာ သီယာဂို အယ်ကန်ထရာ ၊ ကာတစ်ဂျုံးစ် နဲ့ အီးလီးယော့ တို့ ဒဏ်ရာတွေ ရရှိခဲ့ချိန်မှာ လီဗာပူး ကွင်းလယ် အတွက် အားကိုးရတဲ့ ကစားသမား တယောက် ဖြစ်လာခဲ့ ပါတယ် ။

ပဲလေ့စ် နဲ့ ပွဲတုန်းကလည်း ကီတာ ဟာ ဒီလို လှပတဲ့ မြေမကျ ကန်ချက်မျိုးနဲ့ ဂိုးသွင်း နိုင်ခဲ့ပါတယ် ။

ကီတာ တို့ မသွင်းရင် မသွင်းဘူး ၊ သွင်းရင်လည်း မြေမကျကန်လိုက်ရမှ လို့တောင် ဆိုရမလိုပါပဲ ။

၃ ။ ဟီးရိုး ကနေ ဇီးရိုး ဖြစ်ခဲ့တဲ့ ဂရစ်ဇ်မန်း

ဂရစ်ဇ်မန်း ရဲ့ အက်သလက်တီကို မက်ဒရစ် တကျော့ပြန် ခရီးဟာ မျှော်လင့်ထားသလောက် မချိုမြိန် ခဲ့ပါဘူး ။

ဘာစီလိုနာကို ပြောင်းရွှေ့မှု အတွက် သူ့အပေါ် အမြင်မကြည်တဲ့ ပရိသတ် အချို့ ရှိနေတာကြောင့် ဂရစ်ဇ်မန်း တယောက် အေတီကို မက်ဒရစ် ဒုတိယ ဘ၀ မှာ အရင်ကလို ချစ်ခြင်းမေတ္တာတွေကို ပြန်လည်ရရှိဖို့ ကြိုးပမ်း ခဲ့ရ ပါတယ် ။

မနေ့ညက ပွဲမှာတော့ လီဗာပူး ရဲ့ ဦးဆောင်ဂိုးတွေကို တယောက်တည်း ပြန်လိုက်သွင်းပေးပြီး ဝမ်ဒါ မက်ထရို ပိုလီတန်နို က ပရိသတ်တွေရဲ့ လက်ခုပ်သြဘာတွေကို ဂရစ်ဇ်မန်း တယောက် ခံယူနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဒီ သူရဲကောင်း ဇာတ်လမ်း ဟာ မိနစ် ၉၀ တောင် မခံခဲ့ပါဘူး ။

ဒုတိယပိုင်း ၅၂ မိနစ် မှာ ဘောလုံး ဝင်လုရင်း ခြေထောက်ကို လိုတာထက် ပိုမြှောက်မိ ရာကနေ လီဗာပူး တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနို ရဲ့ ခေါင်းကို ကန်မိခဲ့တာကြောင့် တိုက်ရိုက် အနီကတ် နဲ့ ဂရစ်ဇ်မန်း တယောက် ထုတ်ပယ်ခံ ခဲ့ရ ပါတယ် ။

အေတီကို ဟာလည်း ၇၈ မိနစ်မှာ ပေးရတဲ့ ပင်နယ်တီဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ရ ပါတယ် ။

 

၄ ။ ဒီတခါတော့ ကလော့ မှန်သွားပြီ

လီဗာပူး နည်းပြကြီး ယာဂင် ကလော့ ရဲ့ ဟာ ဒုတိယပိုင်း အစ နဲ့ ဒုတိယပိုင်း အစောချိန်တွေ မှာ လူစားလဲ တတ်သူ ဖြစ်ပြီး ပရိသတ်တွေ ဟာ ကလော့ ရဲ့ လူစားလဲမှု အချို့ ကို ဝေဖန် ခဲ့ဖူးပါတယ် ။

ဒါပေမယ့် ဒီညပွဲမှာတော့ ဂျာမန် သားကြီး မမှားခဲ့ ပါဘူး ။

အသင်းရဲ့ ခံစစ်အားနည်းမှုကို ပထမပိုင်းမှာ မြင်တွေ့ ခဲ့ရ အပြီးမှာတော့ ကလော့ ဟာ ဒုတိယပိုင်းအစမှာ ကီတာ ကို ထုတ်ပြီး ဖာဘင်ဟို ကို ထည့် ကစားခဲ့ ပါတယ် ။

ဂရစ်ဇ်မန်း ထုတ်ခံရတဲ့ နောက်မှာတော့ သူတို့ အနိုင် ရနိုင်ချေ ရှိတာကို မြင်တွေ့ လာရတဲ့ ကလော့ ဟာ ဒီယေဂို ဂျိုတာ နဲ့ အဲလက်စ် အိုဒီ ချိန်ဘာလိန် တို့ကို ရဲရဲ ဝံ့ဝံ့ လူစားလဲ ထည့်သွင်းပြီး တိုက်စစ်မြှင့် ကစား သွားခဲ့ ပါတယ် ။

ကလော့ လဲထည့်လိုက်တဲ့ ဂျိုတာ ဟာ လီဗာပူး အတွက် ပင်နယ်တီ ကို ရယူပေးသွားခဲ့ပြီး ဒီပင်နယ်တီ ကနေ ဆာလာ က လီဗာပူး အတွက် ၃ မှတ်ကို ယူဆောင်ပေးခဲ့ ပါတယ် ။

၅ ။ ဗီလိန် ပြန်ဖြစ်ဖို့ နီးစပ် ခဲ့တဲ့ ဂျိုတာ

ဒီယေဂို ဂျိုတာ ကတော့ မနေ့ညက ပွဲမှာ ဂရစ်ဇ်မန်း ရဲ့ ဟီးရိုး – ဇီးရိုး ဇာတ်လမ်း မှာ ဇာတ်ပို့ အဖြစ် ပါဝင်ခွင့် ရဖို့ နီးစပ် ခဲ့ပါတယ် ။

ပေါ်တူဂီသား ဟာ ဒုတိယပိုင်းမှာ လူစားလဲ ဝင်လာပြီး လီဗာပူး အတွက် ပင်နယ်တီ ကို ရယူပေးခဲ့ သလို မိနစ် အနည်းငယ် အကြာမှာပဲ လီဗာပူး ဧရိယာ ထဲမှာ ဂျာအိုဖိလစ် ကို ပြစ်ဒဏ် ကျူးလွန် ခဲ့တာကြောင့် ပင်နယ်တီ ပြန်ပေးခဲ့ရ ပါတယ် ။

ဒါပေမယ့် ကွင်းလယ်ဒိုင် ဟာ VAR ကနေ ပြန်လည် သုံးသပ် အပြီးမှာတော့ ဒီပင်နယ်တီ ကို ပယ်ဖျက် သွားခဲ့ပြီး ဂျိုတာ ၊ ယာဂင် ကလော့ နဲ့ စပိန်မြေအထိ လိုက်ပါ အားပေး ခဲ့တဲ့ လီဗာပူး ပရိသတ်တွေကို စိတ်သက်သာရာ ရစေခဲ့ ပါတယ် ။

ဂျိုတာ အတွက်ကတော့ ဟီးရိုး ကနေ ဗီလိန် ပြန်ဖြစ်ဖို့ နီးစပ်ခဲ့တဲ့ ညနေခင်း တခင်းပါပဲ . . . ။

 

SPORTS MYANMAR