စပါးနဲ့ နိုင်ပွဲမှ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမားက ဘယ်သူလဲဆိုတာ ပြောပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဥ် 10 အဖြစ် ပြိုင်ဖက်ကောင်း တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး ပရိသတ်တွေ မြင်တွေ့လိုခဲ့ကြတဲ့ 0 – 3 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒါဟာ ဆိုးလ်ရှားရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်စွမ်းရှိတဲ့ ပထမဆုံး စာမေးပွဲ စစ်ဆေးမှု ဖြစ်ခဲ့တဲ့အတွက် ဒီနိုင်ပွဲဟာ နော်ဝေသားအတွက် အရမ်းကို အဓိပ္ပါယ် ရှိခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက်တို့ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်ခဲ့ပါပြီ ။

ဒီပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းအတွက် အဖွင့်ဂိုးကို ဘရူနို ဖာနန်ဒက်စ် ရဲ့ ဖန်တီးမှုပေးက တဆင့် ရော်နယ်ဒို က သွင်းယူပေးခဲ့ပြီး ဒုတိယဂိုး ကိုတော့ ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ကာဗာနီက သွင်းယူခဲ့ပါတယ် ။ ဒီဂိုး ရရှိစေဖို့ ဘရူနို ဖာနန်ဒက်စ် က ရော်နယ်ဒိုဆီ ဘောလုံး ပေးပို့ခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက်အတွက် အနိုင်သေချာစေတဲ့ အဆုံးသတ် ဂိုးကိုတော့ လူစားဝင်လာတဲ့ ရပ်ရှ်ဖို့ က မာတစ်ရဲ့ ဖန််တီးပေးမှုမှတဆင့် သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ပွဲစဥ်ကို ခြုံကြည့်လိုက်မယ်ဆိုရင် ရော်နယ်ဒို ၊ ကာဗာနီ နဲ့ ဘရူနို တို့က ဟီးရိုးတွေ ဖြစ်ခဲ့ကြတာ သိသာလှပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ အသင်းအတွက် သုံးပွဲဆက် ပါဝင် ကစားခွင့် ရရှိမှုနဲ့ အတူ ဒီပွဲမှာ ပုံစံကောင်း ပြသသွားနိုင်ခဲ့တဲ့ ကွင်းလယ်လူ မက် တော်မီနေးရဲ့ စွမ်းဆောင်ရည်ကို အမွှမ်းတင်သွားခဲ့ပြီး ပွဲစဥ် ရဲ့ အကောင်းဆုံး ကစားသမားလို့ ချီးကျူး သွားခဲ့လိုက် ပါတယ် ။

 

အသက် 24 နှစ် အရွယ် စကော့တလန် လက်ရွေးစင်ဟာ လိဒ်စ် နဲ့ ကစားခဲ့တဲ့ ပွဲစဥ်တုန်းက ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီးနောက် ပေါင်ခြံ ဒဏ်ရာကို ခွဲစိတ်ကုသ နေခဲ့ရတဲ့အတွက်် နောက်ပိုင်း ပါဝင် ကစားခွင့် ရရှိခဲ့တဲ့ ပွဲစဥ်တွေမှာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ခဲ့ရပါတယ် ။

အထူးသဖြင့် ယူနိုက်တက် အတွက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် နှစ်ပွဲ (အထူးသဖြင့်) လီဗာပူး အသင်းနဲ့ ပွဲစဥ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ရတဲ့အတွက်် ပရိသတ်တွေရဲ့ အထူးဝေဖန်မှု ခံခဲ့ရသေးပြီး ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်ဖို့ အထိ တောင်းဆိုခံခဲ့ရပါတယ် ။

အခုတော့ ဆိုးလ်ရှားက ဒဏ်ရာတွေကြား ရုန်းကန်နေခဲ့ရတဲ့ ကစားသမား ဖြစ်သူဟာ ဒီပွဲမှာ ထိပ်တန်း ခြေစွမ်းကို ပြန်လည် ပြသနိုင်ခဲ့ကြောင်း ၊ အသင်းကို ကဏ္ဍအစုံမှာ ကူညီပေးနိုင်ခဲ့ကြောင်း ​၊ ဒါ့ကြောင့် ဒီပွဲအတွက် သူ့ရဲ့ MOTM က တော်မီနေးသာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

 

” သူ (တော်မီနေး) ဟာ ဒီနေ့ အတွက်တော့ ကျွန်တော့်ရဲ့ ပွဲစဥ်မှ အကောင်းဆုံးကစားသမား (MOTM) ပါပဲ ။ ဒါကမှ ကျွန်တော်တို့ အရင်က တခါတလေ မြင်တွေ့ခဲ့ဖူးကြတဲ့ စကော့ ပါပဲ ။ သူဟာ ဒီရာသီ ဒဏ်ရာ ပြသနာ ရှိနေခဲ့ပြီး ခွဲစိတ်ကုသမှုကိုလည်း လုပ်ဆောင်ထားခဲ့ရပါတယ် “

” ဒီနေ့တော့ သူအရမ်းတော်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် ။ သူဟာ ဘောလုံး ယှဥ်လုမှု ၊ တိုက်စစ်ဆင် ကစားဖို့ မောင်းနှင်ပေးမှု ၊ ရိုးရှင်းစွာဘောလုံးကိုင်မှု ၊ ပြောင်းလဲ ကစားပေးနိုင်မှု ၊ အလွတ် တည်ကန်ဘောတွေ ဦးယူမှုကို လုပ်ပါနိုင်ခဲ့ပါတယ် ။ တကယ့်ကို ထိပ်တန်း အဆင့်ပါပဲ ” လို့ ဆိုးလ်ရှားက ချီးကျူးသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar