စနေညရဲ့ မတည်မြဲခြင်းများ ၊ အမောဖောက်တဲ့ အဂွေရို ၊ ငှက်ကြားနဲ့ သတင်းထွက်လာတဲ့ အီတလီနည်းပြတို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား ခဲ့တဲ့ ဥရောပ လိဂ်တွေ မှာတော့ အသင်းကြီး အချို့ နိုင်ပွဲ ပျောက်ခဲ့ကြ ပါတယ် ။ အင်္ဂလန် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီး ဟာ ခရစ္စတယ် ပဲလေ့စ် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့် ခဲ့သလို လီဗာပူး ကလည်း ဘရိုက်တန် အသင်းနဲ့ ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။ အီတလီ မှာလည်း ယူဗင်တပ် တို့ ရှုံးပွဲ ကြုံခဲ့ သလို လာလီဂါ မှာလည်း ယာယီ နည်းပြ နဲ့ ဘာစီလိုနာ ဟာ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

ဒါပေမယ့် အသင်းကြီး အချို့ ကတော့ နိုင်ပွဲတွေ ဆက်ဆဲ ပါပဲ ။

ပရီးမီးယားလိဂ် အဆင့် ၁ နေရာက ချဲလ်ဆီး ဟာ နယူးကာဆယ် ကွင်းမှာ ၃-၀ နဲ့ အနိုင် ကစားပြီး လီဗာပူး နဲ့ မန်စီးတီး တို့ အမှတ်လျော့မှု ကို အပြည့်အ၀ အခွင့်အရေး ရယူနိုင်ခဲ့ ပါတယ် ။

လက်ရှိ မှာဆိုရင် ချဲလ်ဆီး ဟာ အဆင့် ၂ နေရာက အသင်းကို ၃ မှတ် ဖြတ်ထား နိုင်ခဲ့ပါပြီ ။

နိုင်ပွဲဆက်နေပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက် လာတဲ့ အာဆင်နယ် ကလည်း အဝေးကွင်းမှာ လက်စတာ စီးတီး ကို ပွဲချိန် အစောပိုင်းမှာ ရရှိတဲ့ သွင်းဂိုးတွေ နဲ့ အတူ ၂-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

ဖိအားတွေ အောက်က ဆိုးရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် ကလည်း အဝေးကွင်းမှာ တော့တင်ဟမ် ဟော့စပါး ကို ၃-၀ နဲ့ အနိုင်ယူ သွားခဲ့ ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန် ရော ဒေါ့မွန် ပါ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြပါတယ် ။ ရီးရဲ မက်ဒရစ် ကလည်း ဘန်ဇီးမား မပါပေမယ့် ဗီနီဆီယပ် ဂျူနီယာ ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့ အဝေးကွင်းမှာ နိုင်ပွဲ ရယူပြီး အမှတ်ပေး ဇယား ကို ယာယီ ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူး ဆာဂျီယို အဂွေရို ဟာ မနေ့ညက ပွဲ ကစားနေစဉ် အတွင်း အမောဖောက် လာတာကြောင့် ကွင်းအတွင်းမှာပင် အရေးပေါ် ကုသမှု ခံယူ ခဲ့ရသလို ပထမပိုင်း မပြီး ခင်မှာဘဲ အမြန်လူစားလဲ ခဲ့ရ ပါတယ် ။

အဂွေရို ဟာ လူစားလဲပြီးပြီးချင်းမှာ ဆေးရုံကို တက်ရောက် ကုသမှု ခံယူ ခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ အတွက်တော့ သရေ ရလဒ် ၊ အဂွေရို ရဲ့ ကျန်းမာရေး တို့ အပြင် ဝါရင့် ခံစစ်မှူးကြီး ပီကေး ဒဏ်ရာ ရရှိ သွားမှုဟာ လာမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အတွက် အကြပ်တွေ့ စရာ ဖြစ်လာ စေခဲ့ ပါတယ် ။

နည်းပြ စတိဗ် ဘရုစ် ကို ထုတ်ပယ် ထားတဲ့ နယူးကာဆယ် အသင်းဟာ အေစီမီလန် နည်းပြဟောင်း ဂန်နဲရိုး ဂတ်တူဆို ကို ခန့်အပ်ဖို့ စဉ်းစား နေတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဖြစ်လာဖို့ ရေပန်းစား နေတဲ့ ဇာဗီ ဟာနန်ဒက်စ် ရဲ့ အယ်လ်ဆတ် အသင်းဟာ မနေ့က ကာတာ လိဂ် မှာ ၄-၁ နဲ့ အနိုင် ရရှိ ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဇာဗီ ဟာ ဘာစီလိုနာ နည်းပြ ဖြစ်လာပါက မန်စီးတီး တောင်ပံ ကစားသမား စတာလင် နဲ့ ဘိုင်ယန် တောင်ပံ ကစားသမား ကင်းစလေ ကိုးမန်း တို့ကို ဦးစွာ ကြိုးစားဖွယ် ရှိတယ် လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အာဆင်နယ် နည်းပြ မီကေး အာတီတာ က ပြင်သစ် လီဂ် မှာ အငှားထွက် ကစားပြီး ပုံစံကောင်းတွေ ပြနေတဲ့ နောက်ခံလူ ဝီလ်ယံ ဆလီဘာ ဟာ လာမယ့် ရာသီ အာဆင်နယ် အသင်းမှာ ကစားခွင့် ရရှိ လိမ့်မယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး ကတော့ အရန် ဂိုးသမား လိုးရစ် ကရီးယပ် ကို လာမယ့် ဇန်နဝါရီ မှာ စာချုပ် ဖျက်သိမ်းပေးပြီး ထွက်ခွာခွင့် ပြုတော့မယ် လို့လည်း ကြားသိရ ပါတယ် ။

ဟောလိဝုဒ် သရုပ်ဆောင် ရိုင်ယန် ရေးနော့ ပူးတွဲ ပိုင်ဆိုင်တဲ့ အပျော်တမ်း ကလပ် ဝရက်ဇ်ဟမ်း အသင်းဟာ ပိုင်ရှင်သစ်တွေ ပထမဆုံး လာရောက် ကြည့်ရှုတဲ့ ပွဲမှာ တော်ကွေး အသင်း ကို ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်အောင် ကစားခဲ့တယ်လို့ သိရ ပါတယ် ။

ယနေ့ နံနက်ပိုင်းက ထိုးသတ်ခဲ့တဲ့ UFC 267 မှာ အနိုင် ရရှိ အပြီး မှာတော့ ဘရာဇီးသား ဂလိုဗာ တိုင်ဆီရာ ဟာ အသက် ၄၂ နှစ် နဲ့ UFC သမိုင်းတလျောက် ဒုတိယမြောက် အသက်အကြီးဆုံး ချန်ပီယံ ဖြစ်လာခဲ့ပါတယ် ။ တိုင်ဆီရာ ဟာ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ် ချန်ပီယံဆု အတွက် ဗလာချိုဝစ် ကို အနိုင် ရယူခဲ့တာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR