ဂွာဒီယိုလာကြောင့် မော်ရင်ဟို သူ့ကို သိပ်မသုံးခဲ့တာပါလို့ ပြောရင်း ဇလာတန် ဘာလို့ ယူနိုက်တက်ကနေ ထွက်ခွာသွားတာလဲဆိုတာ ​ရှင်းပြလိုက်တဲ့ ရှဝိန်းစတိုင်ဂါ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစား သမားဟောင်း ဖြစ်သူ ဘတ်စတီယံ ရှဝိန်းစတိုင်ဂါ က သူဟာ ပက် ဂွာဒီယိုလာ လက်အောက်မှာ ကစားခဲ့သူ ဖြစ်ခဲ့တဲ့ အတွက် မော်ရင်ဟိုက ယူနိုက်တက်မှာ သူ့ကို သိပ်မသုံးခဲ့ဘူးလို့ ထင်ကြောင်း ဖွင့်ဟလိုက်ပါတယ် ။

ဂျာမန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို လူးဝစ် ဗန်ဟားလ် ကိုင်တွယ်ခဲ့စဥ်တုန်းက အိုးလ် ထရပ်ဖို့ဒ်ဆီ ရောက််လာခဲ့သူ ဖြစ်ခဲ့ပြီး နယ်သာလန်သာ ထုတ်ခံရတဲ့နောက် မော်ရင်ဟို လက်အောက်မှာ အလုပ်လုပ်ခဲ့ရသူပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ရှဝိန်းစတိုင်ဂါဟာ မော်ရင်ဟို လက်အောက်မှာတော့ 4 ကြိမ်သာ ပွဲထွက် ကစားခဲ့ရပြီး ပွဲကစားချိန် မိနစ်တွေ ကန့်သတ်ခံခဲ့ရတာကြောင့် 2017 ခုနှစ်မှာ အမေရိကန် မေဂျာလိဂ် ကလပ် ၊ ချီကာဂို ဖိုင်းယား အသင်းဆီ ပြောင်းရွှေ့ သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ကစားသမားဘဝမှ အနားယူခဲ့လိုက်ပြီဖြစ်တဲ့ စတိုင်ဂါက မော်ရင်ဟိုရဲ့ ကစားပုံက တိုက်ရိုက်ဆန်ခဲ့ပြီး အနှုတ်လက္ခဏာဆောင်ခဲ့ကြောင်း ၊ ဒါကြောင့် ဇလာတန် အီဗရာဟီမိုဗစ်ဟာ ယူနိုက်တက် ကနေ ထွက်ခွာခဲ့တာ ဖြစ််တယ်လို့ ထင်ကြောင်း သုံးသပ်ခဲ့လိုက်ပါတယ် ။

” ကျွန်တော် မော်ရင်ဟို လက်အောက်မှာ သိပ်မကစားခဲ့ရပါဘူး ။ ဒါပေမဲ့ ကျွန်တော် သူ့ကို လေးစားဆဲပါ ။ သူက ဆုဖလားတွေ အများကြီးဆွတ်ခူးထားခဲ့ပြီးတဲ့ ခမ်းနားတဲ့ မန်နေဂျာ တစ်ဦးပါ ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အနေအထားတွေက သူ့အောက်မှာ ခက်ခဲခဲ့ပါတယ် ။ ကျွန်တော် ဘာလို့ မကစားရလဲဆိုတာ သူမပြောပြခဲ့ပါဘူး “

” ဒါဟာ ကျွန်တော်က ပက် ဂွာဒီယိုလာ လက်အောက်မှာ ကစားခဲ့လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ပက် ဂွာဒီယိုလာ ရဲ့ ကစားကွက်ကို သူ (မော်ရင်ဟို) သိပ်မကြိုက်ဘူးလေ ။ ဒါပေမဲ့ နည်းပြရေး အပိုင်းမှာတော့ မော်ရင်ဟိုရဲ့ လုပ်ပုံတွေကိုတော့ ကျွန်တော် တကယ်ပဲ နှစ်ခြိုက်ပါတယ် “

” သူရဲ့ လက်အောက်မှာ ကစားပုံတွေက ခြားနားခဲ့တာ အမှန်ပါပဲ ။ ဒါ့ကြောင့်လည်း ဇလာတန် ထွက်ခွာသွားခဲ့တာလို့ ကျွန်တော် ထင်မိပါတယ် ။ သူ့ရဲ့ လက်အောက်မှာ ဘောလုံးတွေ အများကြီး မကစားခဲ့ရပါဘူး ။ အရမ်းကို တိုက်ရိုက်ဆန်တဲ့ ကစားဟန်ပဲ ကစားခဲ့ရတယ်လေ “

” ဒီလို ကစားကွက်နဲ့ပဲ သူဟာ အသင်းတိုင်းမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တယ်လေ ။ အဲ့တာကတော့ ထူးဆန်းတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေခဲ့ ပါတယ် ” လို့ စတိုင်ဂါ က သူ့ရဲ့ အတွေးတွေကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

ရှဝိန်းစတိုင်ဂါဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ ကစားခဲ့စဥ်တုန်းက ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့သူဖြစ်ခဲ့ပြီး ကတ်တလန်သားရဲ့ ကစားကွက်အောက်မှာ ဘွန်ဒက်စ် လီဂါ ဖလား 2 လုံးနဲ့ ဂျာမန် လိဂ် ဖလား တို့ကို ဆွတ်ခူးထားခဲ့သူပဲ ဖြစ်ပါတယ် ။

ဇလာတန် အီဗရာဟီ မိုဗစ်ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် မော်ရင်ဟို ခေါ်ယူခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပြီး ပထမဆုံး ဘောလုံး ရာသီမှာပဲ 28 ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး လိဂ်ဖလား ၊ ယူရိုပါလိဂ် ဖလားတွေ ဆွတ်ခူးရေးမှာ အရေးပါသူ ဖြစ်ခဲ့ပါတယ် ။

#Sports_Myanmar