ဂိုးပြတ်ရှုံးပွဲနဲ့ ပတ်သက်ပြီး ယူနိုက်တက် ပရိသတ်တွေ ကို စိတ်သက်သာရာရစေနိုင်တဲ့ တိုက်ဆိုင်မှုများ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ပြီးခဲ့တဲ့ စူပါဆန်းဒေး ဟာ ခေါင်းမဖော်နိုင်လောက်အောင် အရှက်ကွဲ ခဲ့ရတဲ့ နေ့ပါပဲ ။ ခါးသီးတဲ့ မဟာပြိုင်ဘက် လီဗာပူး က ကိုယ့်အိမ်ကွင်းထိ လာပြီး ခြေစွမ်း အပြတ်အသတ် အသာစီး ရယူကာ ၅ ဂိုးထိ သွင်းယူခဲ့ ပါတယ် ။ အရင် ကလည်း ရှုံးပွဲတွေ ကြုံဖူးပေမယ့် လီဗာပူးလို ပြိုင်ဘက်မျိုးကို ရှုံးနိမ့် ရတာကတော့ ယူနိုက်တက် ပရိသတ်တွေ ကို အခံရ အခက်ဆုံး ဖြစ်စေမှာပါ ။

ဒါပေမယ့် အဆိုးထဲကနေ ရှာကြံပြီး ကောင်းတာကို ပြောရမယ် ဆိုရင်တော့ ဒီလို ဂိုးပြတ် ခြေပြတ် အရှက်တကွဲ ရှုံးနိမ့်မှုဟာ ယူနိုက်တက် ကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက် စေမယ့် တွန်းအား တခု ဖြစ်ကောင်း ဖြစ်လာ နိုင်ပါတယ် ။ သမိုင်း မှာလည်း ယူနိုက်တက် နဲ့ စံချိန်တင် ရှုံးနိမ့်မှုတွေ အကြားမှာ ကောင်းမွန်တဲ့ အကျိုးဆက်တွေ ရှိခဲ့ ဖူးပါတယ် ။

အဲ့ဒါကတော့ ယူနိုက်တက်တို့ စံချိန်တင် ဂိုးပြတ် အရေးနိမ့်တဲ့ ရာသီတိုင်းမှာ အမှတ်ပေး ဇယား ရပ်တည်မှုတွေ ကောင်းခဲ့တာပါပဲ ။

ပရီးမီးယားလိဂ် သမိုင်းမှာ ယူနိုက်တက် တို့ ၅ ဂိုးပြတ် ရှုံးတဲ့ ပွဲ ၅ ပွဲ ရှိခဲ့ ပါတယ် ။

ဆာအဲလက်စ် လက်ထက် မှာတင် ၃ ပွဲ ရှိခဲ့တာပါ ။ ကျန် ၂ ပွဲက တပည့်ကျော် ဆိုးရှား လက်ထက် မှာ ဖြစ်ခဲ့တာပါ ။ နောက်ဆုံး ပွဲကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တာပါ ။

ယူနိုက်တက် ဟာ ၁၉၉၆ အောက်တိုဘာ ၂၀ မှာ နယူးကာဆယ် ကို ၅-၀ နဲ့ ရှုံးပြီး ပရီးမီးယားလိဂ် ခေတ် ရဲ့ အကြီးဆုံး ရှုံးပွဲ ကို မှတ်တမ်းဖွင့်ခဲ့ ပါတယ် ။ ၃ နှစ် အကြာ ၁၉၉၉ အောက်တိုဘာ ၃ ရက်နေ့မှာ ချဲလ်ဆီး ကို ၅-၀ နဲ့ ထပ်ရှုံးခဲ့ပြန် ပါတယ် ။

အဲ့ဒိနောက်မှာတော့ ယူနိုက်တက် ကို ၅ ဂိုးပြတ် မသွင်းနိုင်တော့တာ ဆယ်စုနှစ် တခုကျော်သွားခဲ့ ပါတယ် ။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ မှာတော့ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ စီးတီး ဟာ အိုးထရက်ဖိုဒ့် ကို လာပြီး ယူနိုက်တက် ကို ၆-၁ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။ မာရီယို ဘာလိုတယ်လီ ရဲ့ Why Always Me? ကို မှတ်မိ ကြဦးမှာပါ ။

မနှစ်က ရာသီ တုန်းကလည်း အောက်တိုဘာ ၄ ရက်နေ့မှာ မော်ရင်ဟို ရဲ့ စပါး ကို ယူနိုက်တက် တို့ ၆-၁ နဲ့ ရှုံးခဲ့ ပါတယ် ။ တိုက်ဆိုင်တာကတော့ ဒီ စံချိန်တင် ရှုံးပွဲ အားလုံးဟာ အောက်တိုဘာ လထဲမှာပဲ ဖြစ်သွားခဲ့ ကြတာပါ ။ ဒါပေမယ့် အံ့အားသင့်စရာ ကောင်းတာကတော့ အဲ့ဒိ ရာသီတွေ ကုန်ဆုံးချိန်မှာ ယူနိုက်တက် ဟာ အမှတ်ပေး ဇယား ရဲ့ ထိပ်ပိုင်း နေရာတွေကို ရယူပြီး ပိတ်သိမ်း နိုင်ခဲ့တာပါပဲ ။

ပထမဆုံး ရှုံးပွဲကြီး ကြုံခဲ့တဲ့ ၁၉၉၆-၉၇ ရာသီမှာ ယူနိုက်တက် တို့ ဗိုလ်စွဲခဲ့ ပါတယ် ။ ချဲလ်ဆီး ကို ၅ ဂိုးပြတ် ရှုံးတဲ့ ၉၉-၀၀ ရာသီမှာလည်း ယူနိုက်တက် ပဲ ဗိုလ်စွဲ ခဲ့တာပါ ။ Why Always Me? ရဲ့ နှစ်မှာတော့ ယူနိုက်တက် တို့ ဒုတိယပဲ ရခဲ့ပါတယ် ။ ဒါပေမယ့် ချန်ပီယံ မန်စီးတီး နဲ့ ရမှတ်တူ ပါ ။

မနှစ်က စပါး ကို ၆-၁ နဲ့ ဂိုးပြတ် ရှုံးခဲ့တုန်းကလည်း ယူနိုက်တက် နဲ့ ဆိုးရှား ကို ဆိုးဆိုးရွားရွား ဝေဖန်မှုတွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ရာသီ အကုန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ . . . ယူနိုက်တက် က အဆင့် ၂ နေရာနဲ့ ပိတ်သိမ်း သွားခဲ့ ပါတယ် ။ ဒါတွေက ဘာကို ပြောပြနေတာလဲဆိုရင် မန်ချက်စတာ ယူနိုက်တက် ဟာ ဒီလို အရှက်တကွဲ ရှုံးနိမ့်မှုကြီးတွေရဲ့ ဒဏ်ကနေ ရုန်းထပြီး လမ်းကြောင်းမှန်ပေါ် ကို အကြိမ်တိုင်း ပြန်ရောက်အောင် လာနိုင်ခဲ့တယ် ဆိုတာပါပဲ ။

ကြီးမားတဲ့ ဂိုးရလဒ်တွေနဲ့ မရှုံးတဲ့ ရာသီတွေမှာ ယူနိုက်တက် တို့ အဆင့် ၃ တွေ ၄ တွေ ၊ တခါတလေ Top Four ပြင်ပတွေ အထိပါ ရောက်ခဲ့ကြပါတယ် ။ ဒါကြောင့် တခါတလေမှာလည်း အသင်းရဲ့ ဆိုးရွား စုတ်ပြတ် နေတဲ့ အနေအထားကို သတိပြုမိလာ စေဖို့ အရှက်ခွဲခံ ရဖို့ လိုအပ်ကောင်း လိုအပ်နေမှာပါ ။ ချဲလ်ဆီး နဲ့ ကွန်တီ ပရီးမီးယားလိဂ် ရခဲ့တဲ့ နှစ်တုန်းကလည်း အခုလို ရာသီအစ မှာ အာဆင်နယ် ကို ဂိုးပြတ် ခြေပြတ် ရှုံးခဲ့ဖူး ပါတယ် ။ နောက်ပိုင်း ကတော့ အားလုံး သိတဲ့ အတိုင်းပါပဲ ။

အခု ယူနိုက်တက် နည်းပြ ရာထူး အပြောင်း အလဲ ဖြစ်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ် ။ ဆိုးရှား ဆက်ရှိမလား ၊ မရှိဘူးလား ဆိုတာ မသေချာတော့ ပါဘူး ။ လာမယ့် စနေ မှာ ယူနိုက်တက် တို့ စပါး နဲ့ ရင်ဆိုင် ရမှာပါ ၊ ဒါပြီးရင် အီတလီ ကို သွားပြီး အတ္တလန်တာ နဲ့ ကစားရပါမယ် ။ ဒီပွဲတွေ က ယူနိုက်တက် တို့ လမ်းမှန်ပေါ် ပြန်ရောက်လာ နိုင်မလား ဆိုတာ အဆုံးအဖြတ်ပေးမယ့် အရေးကြီး ပွဲစဉ်တွေပါ ။

ဒီပွဲတွေ ကို ယူနိုက်တက် တို့ ဘယ်လို ရလဒ်တွေ နဲ့ ကျော်ဖြတ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ . . .

 

SPORTS MYANMAR