ခြင်္သေ့ပြာတို့ လန်ဒန်ဒါဘီ အဝေးကွင်း နိုင်ပွဲ ၇ပွဲဆက် စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဘရန်းဖို့ဒ် ၀ – ၁ ချဲလ်ဆီး ပွဲမှ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာ ချဲလ်ဆီး အသင်း ဟာ အနောက် လန်ဒန်ဒါဘီ ပြိုင်ဖက် ဘရန်းဖို့ဒ် အသင်း ကို အဝေးကွင်းမှာ ကျားကုတ်ကျားခဲ ကစားရင်း ၊ ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အနိုင်ရကာ ၊ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြလိုက်ရပါတယ် ။

 

၁ ။ ကလပ်နဲ့ နိုင်ငံ အသင်းတွေမှာ နောက်ဆုံး ၃ပွဲဆက် ဂိုးသွင်းခဲ့တဲ့ ဘန်ချေဝဲလ်

အသက် ၂၄နှစ် အရွယ် ၊ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ မနေ့ည က ပွဲမှာ ဒီရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို ပိုင်ဆိုင်ခဲ့ကာ ၊ ပြီးခဲ့တဲ့ နိုင်ငံပွဲ ကာလ မတိုင်မီ ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ရခဲ့တဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလိုမျိုး ၊ မနေ့ညက ပွဲမှာလည်း volley အဆုံးသတ်နိုင်ခဲ့ပါတယ် ။

ဒါဟာ ကလပ်နဲ့ နိုင်ငံ အသင်းတွေမှာ နောက်ဆုံး ၃ပွဲဆက် ပွဲထွက်ခွင့် ကနေ ၃ဂိုးဆက် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ဒီပွဲမှာ ချေဝဲလ် ဟာ တိုက်စစ်ကို ပံ့ပိုးတဲ့ နေရာမှာ အတိုပေးဘောတွေနဲ့ ဘရန်းဖို့ဒ် ခံစစ် ကို အတော်အသင့် ခြိမ်းခြောက်နိုင်ခဲ့ပါတယ် ။

အခြား တဖက်မှာတော့ အိမ်ရှင် ဘရန်းဖို့ဒ်ရဲ့ ကြံ့ခိုင်မှု အသားပေး ကစားဟန်ကြောင့် ခံစစ်ကို အပြည့်အဝ ကူညီပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ၊ လက်ရှိ စွမ်းဆောင်ရည် အတိုင်းသာ ဆက်လက် ထိန်းသိမ်းနိုင်မယ် ဆိုရင် ချေဝဲလ် ဟာ အသင်းဖော် မားကို့စ် အလွန်ဆို ကို အနာဂတ်မှာ ပွဲထွက်ခွင့် အတွက် ပိုမို ဖိအားပေးနိုင်မှာ သေချာပါတယ် ။

 

၂ ။ အသစ် တဖန် ပြန်လည် မွေးဖွားလာတဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ အက်သလက်တီကို အသင်းကနေ ယူရို ၅သန်း ၊ တနှစ် အငှားနဲ့ ရောက်လာတဲ့ စပိန်သား ဆာအူးလ် နီဂွက်ဇ်ထက်ပင် နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကို အထင်ကြီးအောင် လုပ်ပြထားတဲ့ လော့ဖ်တပ်စ်ချိခ် ဟာ မနေ့ည က ပွဲမှာလည်း ထပ်မံ အခွင့်အရေး အပေးခံခဲ့ရပါတယ် ။

ဒါကို လော့ဖ်တပ်စ်ချိခ် ဟာ ကွင်းတွင်း လက်တွေ့ စွမ်းဆောင်ရည်နဲ့ အတူ နည်းပြရဲ့ ယုံကြည်မှု ကို အပြည့်အဝ ပေးဆပ်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် လော့ဖ်တပ်စ်ချိခ် ဟာ ဒုတိယပိုင်း ပြီးခါနီး ၁၅မိနစ် မတိုင်မီ အထိ ကြံ့ခိုင်မှု ရှုထောင့်အရ ဘရန်းဖို့ဒ် ကွင်းလယ်ကို ကောင်းကောင်း ယှဉ်ကစားနိုင်ခဲ့သလို ၊ တကိုယ်တော် အတိုးအလှုပ်တွေနဲ့ ငြိမ့်ညောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ ဖူလ်ဟမ် ကို အငှားထွက်ခဲ့ပြီးနောက် ၊ ဖြစ်ဖြစ်မြောက်မြောက် တိုးတက်မှု မရှိခဲ့လို့ ၊ ဒီရာသီ ချဲလ်ဆီးမှာ နေရာ ရဖို့ ခက်ခဲနိုင်သယောက် ရှိတဲ့ ယင်း အသက် ၂၅နှစ် အင်္ဂလန်သား အတွက် လက်ရှိ စွမ်းဆောင်ရည်ကိုသာ ဆက်ထိန်းထားနိုင်မယ် ဆိုရင် ၊ ဥရောပ အကောင်းဆုံး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပွဲထွက်ခွင့် အတွက် ဖိအား တောက်လျှောက် ပေးနိုင်လိုက်မှာ ဖြစ်ပါတယ် ။

၃ ။ ဘရန်းဖို့ဒ် နည်းပြ သောမတ်စ် ဖရန့် အတွက် မေ့ရမှာ မဟုတ်တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်

ဒိန်းမတ် လူမျိုး နည်းပြ သောမတ်စ် ဖရန့် ဟာ မနေ့က ချဲလ်ဆီးနဲ့ ပွဲကို ဘရန်းဖို့ဒ် အတွက် ၃နှစ်ပြည့် ပွဲအဖြစ် ကိုင်တွယ်ခဲ့ပါတယ် ။ ရလဒ် အရတော့ ၃မှတ်လျော့ခဲ့တာ ဖြစ်ပေမယ့် ၊ လက်ရှိ ဥရောပ ချန်ပီယံလည်းဖြစ် ၊ ပရီးမီးယားလိဂ် ချန်ပီယံလောင်း တသင်းလည်း ဖြစ်တဲ့ ချဲလ်ဆီး ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့တာကိုတော့ ဂုဏ်ယူရမှာ ဖြစ်ပါတယ် ။

ဆီနီဂေါ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ သာ မှော်ဝင် လက်စွမ်း မပြနိုင်ခဲ့ဘူး ဆိုရင် ၊ ဒီပွဲမှာ ဘရန်းဖို့ဒ် ကတောင် ချဲလ်ဆီးကို သက်တောင့်သက်သာ အနိုင်ရနိုင်ဖို့ ကောင်းခဲ့တဲ့ အနေအထား အထိ ရောက်နိုင်ခြေ ရှိခဲ့ပါတယ် ။ သို့ပေမယ့် ကံတရား က သောမတ်စ် ဖရန့်မှာ မရှိခဲ့တာကြောင့် အရှုံးကို အရှိ အတိုင်း လက်ခံရမှာ ဖြစ်ပါတယ် ။

 

၄ ။ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာပဲ အဖွင့်လှခဲ့တဲ့ မာလန်းဆား

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နိုက်စ်ကနေ ချဲလ်ဆီးသို့ အလွတ်နဲ့ ရောက်လာခဲ့တဲ့ ပြင်သစ် လူငယ် ကြယ်ပွင့် ခံစစ်မှူး မာလန်းဆား ဟာ တနှစ် အငှားထွက်ပြီးတဲ့နောက် ၊ မနေ့ည က ပွဲမှာ ၎င်း မျှော်လင် စောင့်စားခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ကို ရရှိခဲ့ပါတယ် ။

ဒုတိယပိုင်း ပြီးခါနီးမှာ ဘရန်းဖို့ဒ်တို့ တရစပ် ထိုးစစ်ဆင်ခဲ့တဲ့ အချိန်ကလွဲရင် ၊ ဆား ဟာ ကျန်တဲ့ ပွဲချိန်တွေမှာ ကျစ်လျစ်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပြီး ၊ မှန်ကန် တိကျတဲ့ ဆုံးဖြတ်ချက်တွေ တောက်လျှောက် ချနိုင်ခဲ့ပါတယ် ။

အမြင့်ဘောအား ၊ ခေါင်းတိုက် ဖြတ်ထုတ်နိုင်စွမ်း အားနည်းတာက လွဲရင် ၊ သောမတ်စ် တူချယ် အလိုရှိတဲ့ မော်ဒန် ခံစစ်မှူး တဦးရဲ့ ကစားပုံမျိုး ယင်း အသက် ၂၂ နှစ် အရွယ် ပြင်သစ် ခံစစ်မှူး က ပြသသွားခဲ့ပါတယ် ။ ဒီ ပုံစံသာ ဆက်ထိန်းထားမယ် ဆိုရင် အနာဂတ် ပွဲဆက် ပိုများတဲ့ ကာလတွေမှာ ၎င်းအတွက် သေချာပေါက် အခွင့်အရေးတွေ ထပ်ရဦးမှာ ဖြစ်ပါတယ် ။

၅ ။ တန်းတက်ပေမယ့် မခေကြောင်း ထပ်မံ ပြသခဲ့တဲ့ ဘရန်းဖို့ဒ်

Big Six လို့ သတ်မှတ်ထားတဲ့ အသင်းတွေထဲက ၃သင်းနဲ့ ရင်ဆိုင်ပြီးချိန်မှာ ဘရန်းဖို့ဒ် ဟာ ရမှတ် ၄မှတ် အထိ စွမ်းဆောင်နိုင်ခဲ့တာ ချီးကျူးစရာကောင်းသလို ၊ အနောက် လန်ဒန် ဒါဘီ ပြိုင်ဖက် ချဲလ်ဆီး ကိုလည်း ကံဆိုးစွာနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ် ။ ဒီတော့ ၎င်းတို့ အတွက် မျက်နှာငယ်စရာ ဘာအကြောင်း တရပ်မှ မရှိပဲ ၊ ဂုဏ်ယူစရာချည်း သက်သက်သာ ကျန်ပါတော့တယ် ။

SPORTS MYANMAR