ချဲလ်ဆီး ဂန္တဝင် ဟာ သူ့ရဲ့ အိုင်ဒေါ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံခဲ့တဲ့ ဘိုင်ယန်မြူးနစ် နည်းပြ ဂျူလီယန် နာဂယ်စ်မန်း

ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ လစ်ပ်ဇစ် အသင်းကို ဘွန်ဒက်စ်လီဂါမှာ အဆင့် ၂ နေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဂျာမန် နည်းပြ ဂျူလီယန် နာဂယ်စ်မန်း ဟာ ယခုနှစ် ဘောလုံးရာသီ မစတင်ခင်မှာပဲ ၊ ဂျာမန် ဘီလူး ဘိုင်ယန်မြူးနစ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပါတယ် ။

ယခင် နည်းပြဟောင်း ဟန်ဆီ ဖလစ် ဟာ ဂျာမနီ လက်ရွေးစင် နည်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ရွေးချယ်ပြီးနောက် ၊ နာဂယ်စ်မန်း ဟာ ဘိုင်ယန်တို့ အတွက် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ခဲ့ပါတယ် ။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၈ ပြီးဆုံးချိန်မှာ နာဂယ်စ်မန်း ဟာ ဘိုင်ယန်ကို အမှတ်ပေးဇယားထိပ်မှာ ရပ်တည်အောင် စွမ်းဆောင်ပေးထားပါတယ် ။

 

ကစားသမား ဘဝမှာ ထူးခြားတဲ့ မှတ်တမ်းတွေ မရခဲ့ပေမယ့် ၊ နည်းပြ ဘဝမှာတော့ နာဂယ်စ်မန်း ဟာ အသက် ၃၄ နှစ် အရွယ်နဲ့ အများက အသိအမှတ် ပြုရလောက်တဲ့ အထိ အားရဖွယ်ကောင်းတဲ့ မှတ်တမ်းကောင်း အချို့ ရယူထားပြီး ဖြစ်ပါတယ် ။

The Times သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ နာဂယ်စ်မန်း က အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ နည်းပြ လောကထဲသို့ မဝင်ရောက်ခင် ၊ ၎င်း အားကျခဲ့ရတဲ့ ၊ အိုင်ဒေါ အဖြစ် သဘောထားခဲ့ရတဲ့ ကစားသမား တဦးဟာ ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီ ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

နာဂယ်စ်မန်း က ” ဂျွန်တယ်ရီပါ ။ ဒါက ရူးလောက်စရာတော့ ကောင်းခဲ့ပါတယ် ။ လူငယ် ကစားသမား ဘဝမှာတုန်းက ကျွန်တော်နဲ့ အတူ အမြဲ ပူးပူးကပ်ကပ် လေ့ကျင့် ကစားခဲ့ဖူးတဲ့ သူငယ်ချင်း တယောက် ရှိခဲ့ဖူးပါတယ် ။ သူ့နာမည် က ခရစ်တီယန် ထရန့်ရှ်ပါ ။ “

” ကျွန်တော် က သူ့ကို ပက်ထရစ်လို့ နာမည်ပြောင်ပေး ခေါ်ခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ဗီအဲရာ ကစားတဲ့ နံပါတ် ၆ နေရာမှာ ကစားလို့ပါ ။ သူကတော့ ကျွန်တော့ကို ဂျွန်တယ်ရီ ၊ ‘ ဂျွန်နီ ‘ ဆိုပြီး ခေါ်လေ့ရှိပါတယ် ။ အဲဒီ ကာလတုန်းက ဂျွန်တယ်ရီ ဟာ အကောင်းဆုံး ဗဟို ခံစစ်မှူးတွေထဲက တယောက် ဖြစ်ခဲ့ပါတယ် ။ “

” ကျွန်တော် မှတ်မိသလောက် ပြောရရင် ဘောလုံး ရာသီ တခုမှာ ဂျွန်တယ်ရီ ဟာ ပြိုင်ဖက်တွေနဲ့ အမြင့်ဘော ယှဉ်လုတဲ့ နေရာမှာ တကြိမ်မှ မရှုံးခဲ့ဖူးခဲ့တာပါပဲ ။ သူဟာ ခေါင်းတိုက်ဘောတွေမှာ အမြဲတမ်း ရဲရင့်မှုကို ပြသခဲ့ပါတယ် ။ ကျွန်တော်ဟာလည်း ငယ်ငယ်တုန်းက ခြေထောက်နဲ့ ကစားတာ ကောင်းခဲ့ပေမယ့် ၊ ခေါင်းဘောတွေမှာ ပိုကောင်းခဲ့ပါတယ် ။ “

” ဒီတော့ သူနဲ့ ကျွန်တော့ အကြားမှာ တူညီတဲ့ အချက် အချို့ ရှိနေတယ်ပဲ ပြောကြတာပေါ့ ။ သူဟာ ကျွန်တော့ရဲ့ စံပြ အိုင်ဒေါ တဦးပါပဲ ။ လစ်ပ်ဇစ်မှာတုန်းက ကျွန်တော် သူနဲ့ အပြင်မှာ တခါ ဆုံတွေ့ခဲ့ဖူးပြီး ၊ ၃မိနစ်လောက် ကျွန်တော်တို့ စကားပြောခဲ့ကြဖူးပါတယ် ။ “

” အဲဒီမှာ ကျွန်တော် က သူ့ကို ငယ်ငယ်တုန်းက ကျွန်တော် ဟာ ဂျွန်တယ်ရီ လို ဖြစ်ခဲ့ကြောင်း ပြောခဲ့ပါတယ် ။ နောက်တော့ သူက နားမလည်တဲ့ ပုံစံနဲ့ ကျွန်တော့ ကို ပြန်ကြည့်တော့ ၊ ကျွန်တော် သူ့ကို မနည်း ပြန်ပြီး ရှင်းပြခဲ့ရပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး နာဂယ်စ်မန်း က သူဟာ အနာဂတ်မှာ နည်းပြ ဘဝမှာလည်း ဘာကြောင့် ဘွန်ဒက်စ်လီဂါ က ထွက်ခွာနိုင်ဖို့ အခြေအနေ သိပ်မရှိနိုင်ကြောင်းကို ” ပထမဆုံး အနေနဲ့ ကျွန်တော် ဟာ ဘိုင်ယန်မြူးနစ်နဲ့ ၅နှစ် စာချုပ် ချုပ်ဆိုထားပြီး ၊ ဒီမှာ နှစ်များစွာ ဆက်နေဖို့ မျှော်လင့်ထားကြောင်း ပြောပါရစေ ။ ဒီ ကလပ်နဲ့ ဒီဲမြို့ကို ကျွန်တော် ချစ်ပါတယ် ။ “

” ဒီမှာ ကျွန်တော် အောင်မြင်ဖို့ မျှော်လင့်ပါတယ် ။ ဒါမှ ကလပ်ဖက်က ကျွန်တော့ကို နောက်ထပ် ၅နှစ် စာချုပ် ထပ်မံ ကမ်းလှမ်းဖို့ သင့်မှာပါ ။ ဂျာမနီ ကနေ ကျွန်တော် ထွက်ခွာဖို့ မလိုသေးပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဟာ ဘွန်ဒက်စ်လီဂါ မှာ ပျော်ရွှင်နေသလို ၊ ကမ္ဘာ့ အကြီးကျယ်ဆုံး ကလပ် တသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ကို ကိုင်တွယ်ခွင့် ရနေလို့ပါပဲ ။ “

” တိုင်းတပါး က ကလပ် တသင်းသင်းဆီ ၊ ဒါမှမဟုတ် နိုင်ငံရပ်ခြား တနေရာရာဆီ မပြောင်းရလည်း ကျွန်တော် က ပျော်ပျော်ရွှင်ရွှင်ပဲ ဂျာမနီမှာ ဆက်လက် နေထိုင်သွားမှာပါ ။ ဒါက မဖြစ်မနေ လိုအပ်နေတာမျိုး မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR