ချဲလ်ဆီး ကြယ်ပွင့်ဟာ ဘာကြောင့် မက်ဆီကို ကျော်လွန်ပြီး Ballon D’Or ဆု ဆွတ်ခူးဖို့ ထိုက်တန်လဲ ဆိုတာ ရှင်းလင်းလိုက်တဲ့ တူချယ်ရဲ့ လက်ထောက် နည်းပြ ဇော့လို

လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်းက France Football မှ ထုတ်ပြန် ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ Ballon D’Or ဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ဥရောပ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းနဲ့ အတူ ကစားသမား ၅ယောက်နဲ့ အရေအတွက် အများဆုံး ပါဝင်ခဲ့ပါတယ် ။

ဒီဆု အတွက် ချဲလ်ဆီး အသင်းမှ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ၊ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်နဲ့ စပိန် လက်ရွေးစင် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ တို့လည်း ဆန်ခါတင် ပါဝင်နေပေမယ့် ၊ အဓိက ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ ဂျော်ဂျင်ဟို နဲ့ ကန်တေ တို့သာ ရေပန်းစားနေတာ ဖြစ်ပါတယ် ။

 

ဂျော်ဂျင်ဟို ဟာ ဒီဆုကို ရရှိဖို့ ပီအက်စ်ဂျီ အသင်းရဲ့ စူပါစတား လီယွန်နယ် မက်ဆီ ၊ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပိုလန် ဝါရင့် ဂိုးသွင်းစက် ရောဘတ် လီဝမ်ဒေါစကီး တို့နဲ့ အပြိုင် ရေပန်းစားလျက် ရှိနေတဲ့ အပြင် ၊ ၎င်းဟာ ၂၀၂၁ ခုနှစ်ရဲ့ UEFA ဥရောပ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးထားသူ ဖြစ်ပါတယ် ။

ဥရောပ အကောင်းဆုံး ကစားသမား ဆုမှာတော့ တဦးချင်း စွမ်းဆောင်ရည်ထက် ၊ အသင်းလိုက် အောင်မြင်မှုကို ပိုမို အလေးထားတဲ့ သဘော ရှိခဲ့တာကြောင့် ၊ ဂိုးတွေ အပြိုင် သွင်းထားကြတဲ့ မက်ဆီ ၊ လီဝမ်ဒေါစကီး တို့ကို ကျော်ဖြတ်ပြီး ဂျော်ဂျင်ဟို ဟာ ထိုဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၊ ဥရောပ စူပါဖလား ဆွတ်ခူးထားပြီး ၊ အီတလီ လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂျော်ဂျင်ဟို ဟာ တဦးချင်း စွမ်းဆောင်ရည် ကို ပိုပြီး အလေးထားတတ်တဲ့ Ballon D’Or ဆု ရွေးချယ်မှုမှာ မက်ဆီ ၊ လီဝမ်ဒေါစကီး တို့လောက် ထူးပြီး မစွမ်းဆောင်ခဲ့ပေမယ့် ၊ အသင်းလိုက် အောင်မြင်မှုကြောင့် ရေပန်းအစားဆုံး စာရင်းကနေ ချန်လှပ်လို့ မရတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ရဲ့ လက်ထောက် နည်းပြ တဦး ဖြစ်တဲ့ ဇော့လို ကတော့ အမြဲတမ်း လုပ်အား အပြည့် ၊ ဘောလုံး ထိုးထွင်းဉာဏ် အပြည့်နဲ့ ကစားတတ်တဲ့ ဂျော်ဂျင်ဟို ဟာ Ballon D’Or ဆု ကို ရရှိဖို့ ထိုက်တန်ကြောင်းနဲ့ Ballon D’Or ကို ဂိုးသွင်း အချက်အလက် ကောင်းတဲ့ တိုက်စစ် ကစားသမားတွေ အတွက်ပဲ မရည်ရွယ်သင့်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ် ။

Digi Sport သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဇော့လို က ” ဂျော်ဂျီ ဟာ အရည်အသွေးမှာ သာမက ၊ ဘောလုံး ထိုးထွင်းဉာဏ် ၊ ဗဟုသုတမှာ သာမန်ထက် ထူးကဲတဲ့ အံ့သြဖွယ် ကစားသမား တယောက် ဖြစ်ပါတယ် ။ အကယ်၍ သူသာ Ballon D’Or ဆု ကို ဆွတ်ခူးခဲ့မယ် ဆိုရင် ထိုက်တန်လို့ပဲ ဖြစ်ပါလိမ့်မယ် ။ “

” နောက်ပြီး ဒီ တကြိမ် Ballon D’Or ဆု ရွေးချယ်မှု က တိုက်စစ် ကစားသမား ၂ယောက် ၊ ၃ယောက်လောက် အတွက်ပဲ ရွေးချယ်တာ မဟုတ်လို့ ဝမ်းသာမိပါတယ် ။ ဒါပေမယ့် အသင်းလိုက်လည်း အောင်မြင်ပြီး ၊ နည်းစနစ်ကောင်းတဲ့ ၊ ပြင်းပြင်းထန်ထန် ကြိုးစား ကစားတတ်တဲ့ ကစားသမား တဦးဦး အတွက် ဒီဆု ကို ဆွတ်ခူးဖို့ အခွင့်အရေး ရှိသင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

ဆက်လက်ပြီး ဇော့လို က ယခုနှစ် ရာသီ ချဲလ်ဆီး အသင်းရဲ့ ပစ်မှတ် အကြောင်းတွေနဲ့ ပတ်သက်ပြီးလည်း ” လက်ရှိ ရောက်နေတဲ့ အဆင့်အတန်း မှာ ချဲလ်ဆီး အသင်းကို ဆက်လက် ထိန်းထားနိုင်ဖို့ ၊ ဆက်လက် တိုးတက်မှု ရှိဖို့ က အရေးကြီးပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက အားရဖို့ ကောင်းခဲ့ပါတယ် ။ “

” အမှန်တကယ် လိုအပ်နေတဲ့ ကစားသမား အချို့ကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့ပြီး ၊ အခုဆို သူတို့နဲ့ အတူ အသင်းရဲ့ အနာဂတ် လုပ်ငန်းစဉ်တွေ အတွက် ရှေ့ဆက်နိုင်ပါပြီ ။ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့အပြီးမှာ ၊ အသင်းသားတွေကို နောက်ထပ် အောင်မြင်မှုတွေကို ဆက်လက် ဆာလောင်နေစေဖို့ တွန်းအားပေးရတာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေမယ့် ၊ ကျွန်တော်တို့ ဒါကို အင်တိုက်အားတိုက် ဆက်လုပ်နေဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR