ချဲလ်ဆီးတို့ နောဝှစ်ချ် ကို ဂိုးပြတ် ချေမှုန်းခဲ့ပြီးနောက် ၊ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ ခရစ် ဆပ်တန်

မနေ့ည အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ အမှတ်ပေးဇယားထိပ်က ချဲလ်ဆီး အသင်း ဟာ အဆင့် ၂၀ က တန်းတက် နောဝှစ်ချ် အသင်း ကို တဖက်သတ် အသာစီး ကစားပြီး ၊ ဆယ်စုနှစ် တစုနီးပါး ဝေးကွာနေတဲ့ ၇ဂိုးပြတ် နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ အဓိက တိုက်စစ်မှူး ရိုမီလူ လူကာကူနဲ့ တီမို ဗာနာ တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပေမယ့် ၊ သွင်းဂိုး အတွက် စိုးရိမ်စရာ မလိုကြောင်း သက်သေ တခု စတင် ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒါဟာ ချန်ပီယံလောင်းတို့ရဲ့ ဝိသေသ လက္ခဏာ တရပ်ဆိုတာ ငြင်းနေစရာ မရှိပါဘူး ။

တဖက်မှာ ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ကလပ်တွေ အနက် သွင်းဂိုး အများဆုံး ၊ ပေးဂိုး အနည်းဆုံး ၊ ဂိုးကွာခြားမှု အများဆုံး အသင်း က ဖြစ်သလို ၊ ဂိုးသွင်းနိုင်တဲ့ နေရာ မတူညီတဲ့ ကစားသမား အရေအတွက် အများဆုံး အသင်းလည်း ဖြစ်ပါတယ် ။

 

မနေ့က ပွဲမှာဆို ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ က လွဲရင် ပွဲထွက် ကစားသမားတိုင်း ဒီရာသီ ဂိုးပေါက် ရှာတွေ့ထားပြီး ဖြစ်ပါတယ် ။ ဒါ့အပြင် နောဝှစ်ချ် ကို ဂိုးပေါက် ၂ကြိမ်သာ ခြိမ်းခြောက်ခွင့် ပေးခဲ့တဲ့ အထိ ချဲလ်ဆီး အသင်းရဲ့ ခံစစ် က အထူး ကျစ်လျစ်မှု ရှိခဲ့ပါတယ် ။

လာမယ့် international break မတိုင်မီ အထိ ချဲလ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဇယား မှာ လက်စတာ တသင်းလောက်သာ ပွဲကြပ်နိုင်တဲ့ အနေအထားမျိုး ရှိနိုင်ပြီး ၊ ကျန်တဲ့ ပွဲတွေက ခြေချော်နိုင်စရာ မရှိနေပါဘူး ။ ဒီတော့ ချဲလ်ဆီး ဟာ ဒီဇင်ဘာလောက် အထိ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ သေချာပေါက် ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ် ။

နောဝှစ်ချ်နဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ် ဆပ်တန် ကတော့ မနေ့ညက ပွဲအပြီးမှာ ချဲလ်ဆီး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ဆွတ်ခူးနိုင်ကြောင်း ခန့်မှန်း ပြောဆိုလိုက်သလို ၊ ကစားသမား အင်အား တောင့်တင်းမှုနဲ့ အရည်အသွေး ပြည့်ဝမှုကြောင့် သူတို့ဟာ ဘယ်ပြိုင်ပွဲမှာမဆို ချန်ပီယံဆုကို စိန်ခေါ်နိုင်ကြောင်း ချီးကျူးခဲ့ပါတယ် ။

BT Sports ရုပ်သံဌာနရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ဆပ်တန် က ” ဒါကြောင့် ချဲလ်ဆီး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ယုံကြည်ရခြင်း ဖြစ်ပါတယ် ။ သူတို့ရဲ့ ကစားသမား အင်အား ဟာ အရမ်း တောင့်တင်းမှု ရှိသလို ၊ အကယ်ဒမီထွက် ကစားသမား တွေဟာလည်း ဒီနေ့ပွဲမှာ ညက်ညောတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ် ။ ”

” ဒီနေ့ သူတို့ရဲ့ အသင်းလိုက် စွမ်းဆောင်ရည် က လုံးဝ ကောင်းပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ လ က သူတို့ရဲ့ စွမ်းဆောင်ရည် က ထင်သလောက် မပေါက်မြောက်ခဲ့ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဟာ ကြောက်ခမန်းလိလိ စိတ်ဓာတ် ခံယူချက်ကို ဆက်လက် ပြသနိုင်ဆဲပါ ။ သူတို့ဟာ ဘယ်ပြိုင်ပွဲ ဘယ်လို အဆင့်အတန်းမှာမဆို ချန်ပီယံဆု ကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ ကစားသမား အင်အားမျိုး ပိုင်ဆိုင်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ လာမယ့် အင်္ဂါနေ့မှာ ဆောက်သမ်တန် အသင်း ကို ကာရာဘောင် ဖလား စတုတ္တ အဆင့် ပွဲအဖြစ် အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်သလို ၊ လာမယ့် စနေနေ့မှာ အသင်း ပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ် အသင်း ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR