ချဲဆီး ကို ပရီးမီးယားလိဂ် ချန်ပီယံလောင်း စာရင်းကနေ ပယ်ဖျက်လိုက်တဲ့ ပေါလ် စခိုး

ယူနိုက်တက် နဲ့ လီဗာပူး တို့ မကစားခင် BT Sports ရဲ့ အစီအစဉ် တင်ဆက်မှုမှာ ဆိုးရှား အနေနဲ့ အတ္တလန္တာ နဲ့ ပထမပိုင်း တုန်းက ပုံစံမျိုး လီဗာပူး နဲ့ ပွဲမှာသာ ကစားမယ် ဆိုရင် ပထမပိုင်းမှာတင် 4 ဂိုးလောက် ပြတ်သွားနိုင်တယ်လို့ ပြောဆိုခဲ့တဲ့ အတိုင်း တကယ် ဖြစ်လာလို့ ပေါလ် စခိုး ရဲ့ အကြောင်းဟာ ပရိသတ်တွေ အကြားမှာ တော်တော်လေး ရေပန်းစားလျှက် ရှိနေပါတယ်။

လက်ရှိမှာလဲ အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်းကြီး က အမှတ်ပေးဇယား ကို ဦးဆောင်နေတဲ့ ချဲဆီးဟာ ချန်ပီယံလောင်း စာရင်းမှာ ပါဝင်ခြင်း မရှိသေးဘူးလို့ သုံးသပ်လိုက် ပြန်ပါတယ်။

အပတ်စဉ် 9 ပွဲ ကစားပြီးတဲ့ အထိ ချဲဆီးဟာ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ စုစုပေါင်း နိုင်ပွဲ အရေအတွက် (7 ပွဲ) အများဆုံး ရယူထားပြီး ၊ အမှတ်ပေးဇယား ကိုလဲ ဒုတိယ နေရာက လီဗာပူး ၊ တတိယ နေရာက မန်စီးတီး တို့ထက် 1 မှတ် အသာနဲ့ ဦးဆောင်ထားပါတယ်။ ဒီတပတ်မှာ ကစားခဲ့တဲ့ နော့ဝှစ်ချ် နဲ့ ပွဲမှာ ဆိုရင် အဓိက တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ လူကာကူ ၊ တီမို ဗာနာ တို့ ပါဝင်နိုင်ခဲ့ခြင်း မရှိတာတောင် 7 ဂိုး အထိ သွင်းပြကာ ဥရောပ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်က ဆက်လက် ပြသနိုင်ခဲ့တာပါ။

ဒါ့အပြင် သူတို့ ရဲ့ အရံ ကစားတောင့်တင်းမှု ကလဲ အားသာချက် တခုဖြစ်တာကြောင့် ပရိသတ်တွေ အားလုံးက ဗိုလ်စွဲဖို့ ရေးပန်းစားတဲ့ အသင်းတစ်သင်း အဖြစ်တောင် သတ်မှတ်ထားကြပါတယ်။ ဒီရာသီ မစတင်မီ အချိန်က BBC က ကောက်ယူခဲ့တဲ့ စစ်တမ်း တခုမှာ ဆိုရင် နာမည်ကျော် ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ နဲ့ အားကစား ကလောင်ရှင် အများစုကလဲ ချဲဆီး ပဲ ဗိုလ်စွဲလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။

သို့သော် ပေါလ် စခိုး ကတော့ “ လီဗာပူး ဟာ အိုးထရက်ဖို့ဒ် မှာ ယူနိုက်တက် ကို မွမွကျေအောင် လုပ်ပြသွားတာ ကို ကြည့်ရင်း မန်စီးတီး အတွက်လဲ စိုးရိမ်စိတ်တွေ ဝင်သွားမယ် ထင်ပါတယ်။

ချဲဆီး အကြောင်းတော့ ကျနော်လဲ သေချာကြီး မပြောတတ်ပါဘူး။ သူ့ရဲ့ လက်ရှိပုံစံက အကောင်းဆုံး အနေအထားမှာ ရှိနေတာပါ။ ကျနော် စိတ်ထဲမှာ သတ်မှတ်ထားတဲ့ ပုံစံထက်လဲ အများကြီး ပိုကောင်းလာပါတယ်။ ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် တိုက်ပွဲက မန်စီးတီး နဲ့ လီဗာပူး တို့ အကြားမှာပဲ ဖြစ်ပါလိမ့်မယ်။

မန်စီးတီး ရဲ့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် စွမ်းဆောင်ရည်တွေ ကြည့်ရတာကလဲ ချဲဆီး အတွက် စိုးရိမ်စရာ တခုပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး ဟာ အဖွင့်ပွဲစဉ် မှာ စပါးကို ရှုံးနိမ့်ပြီး ကတည်းက ပရီးမီးယားလိဂ် ရှုံးပွဲ လုံး၀ မရှိထားသလို ၊ ချဲဆီး လို အသင်းမျိုးကိုလဲ စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းကြီးထဲမှာ အနိုင် ကစားပြထားပါတယ်။

ကလော့ပ် ရဲ့ လီဗာပူး ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း 5 ပွဲ ဆက်တိုက် 3 ဂိုး နဲ့ အထက် သွင်းယူထားနိုင်ခဲ့တဲ့ အပြင် ၊ ဒီရာသီ ဥရောပ ထိပ်သီး အသင်းကြီးတွေ အားလုံးထဲမှာလဲ ပြိုင်ပွဲပေါင်းစုံ လုံး၀ ရှုံးပွဲ မရှိသေးတဲ့ တခုတည်းသော ကလပ် အဖြစ် ရပ်တည်လျှက် ရှိနေဆဲ ဖြစ်ပါတယ်။

SPORTS MYANMAR