ချန်ပီယံလုဖက်တွေ အမှတ်လျော့ခဲ့လို့ ခြင်္သေ့ပြာတို့ အတွက် ပိုချိုမြိန်တဲ့ နိုင်ပွဲ ဖြစ်ခဲ့တဲ့ နယူးကာဆယ် ၀ – ၃ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာ ချဲလ်ဆီး အသင်း ဟာ လောလောလတ်လတ် အသင်းပိုင်ရှင်နဲ့ နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ ဒုတိယပိုင်းက သွင်းဂိုးတွေနဲ့ ၃ဂိုးပြတ် အနိုင်ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

တပွဲလုံးမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂ကြိမ်သာ ရှိခဲ့တဲ့ အိမ်ရှင်ရဲ့ defensive-minded ကစားပုံကြောင့် မန်ဒီ အတွက် အလုပ်ရှုပ်စရာ တစိုးတစိမှ မဖြစ်ခဲ့ပါဘူး ။ ဒီတော့ မန်ဒီ ဟာ ဒီရာသီ ၆ကြိမ်မြောက် Clean Sheet ကို ရယူသွားနိုင်ခဲ့ပါတယ် ။

နောက်တန်း – အန်ဒရီယာစ် ခရစ်တန်ဆန် ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

တန်ပြန်တိုက်စစ် ကနေ နယူးကာဆယ် တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ ကော်လမ် ဝီလ်ဆင်နဲ့ အယ်လန် စိန့်မက်ဆီမင်တို့ တဦးချင်း ထိုးဖောက်မှုတွေကြောင့် ၊ ပွဲချိန် အချို့မှာ ချဲလ်ဆီး ခံစစ်က အာရုံစိုက် ခုခံခဲ့ရတာတွေ ရှိခဲ့ပေမယ့် ၊ ထူးထူးခြားခြား အခက်အခဲ ဖြစ်ခဲ့တာမျိုးနဲ့တော့ မကြုံခဲ့ရပါဘူး ။

သွားခွဲစိတ်မှုကြောင့် တပတ်နားထားရတဲ့ ခရစ်တန်ဆန် ဟာ ပွဲပြန်ထွက်ရတဲ့အခါ ၊ သူ့ရဲ့ ပေးဆပ်မှုကို ထပ်မံ ပြသသွားခဲ့ပြီး ၊ နယူးကာဆယ်နဲ့ ဘယ်အခြမ်း တိုက်စစ်ကို သက်တောင့်သက်သာပဲ ထိန်းချုပ်သွားနိုင်ခဲ့ပါတယ် ။

အလားတူ သီယာဂို ဆေးလ်ဗားနဲ့ ရူဒီဂါ ဟာလည်း ဝီလ်ဆင်နဲ့ စိန့်မက်ဆီမင်ရဲ့ တွဲလုံးရဲ့ ထိုးစစ်ဆင်မှုကို ပထမပိုင်း ပြီးခါနီးနဲ့ ဒုတိယပိုင်း အစပိုင်း မိနစ်အချို့မှာ ရင်ဆိုင်ခဲ့ရပေမယ့် ၊ အတွေ့အကြုံ ရင့်ကျက်မှုကို ပြသသွားခဲ့ကာ ၊ အမှားအယွင်း မရှိ ခုခံ တုန့်ပြန်ပြနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ( Rating – 9 ) ၊ ဂျော်ဂျင်ဟို ( Rating – 8 ) ၊ အန်ဂိုလို ကန်တေ ၊ ဘန်ချေဝဲလ် ( Rating – 6 )

ဒီပွဲမှာ ချဲလ်ဆီး ကွင်းလယ်ရဲ့ ညာဖက်ခြမ်းက အတော်လေး အသက်ဝင်ခဲ့ပါတယ် ။ အထူးသဖြင့် wing-back နေရာက ရိစ်ဂျိမ်းစ် ဟာ တောင်ပံ တိုက်စစ် ကစားသမား တယောက်ရဲ့ ကစားပုံ အလား ဒုတိယပိုင်းမှာ နေရာယူမှန်မှန်နဲ့ ဆော့ပြနိုင်ခဲ့ပြီး ၊ နယူးကာဆယ် ခံစစ်ကို ကောင်းကောင်း ဒုက္ဓ ပေးနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ ဒီပွဲရဲ့ ၃ပုံ ၂ပုံလောက်ကို ကစားပုံ တည်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ၊ လက်ကျန် ၃ပုံ ၁ပုံမှာ ချန်ပီယံလောင်း အသင်းပီပီ အခက်အခဲတွေကနေ ရုန်းထဖို့ နည်းလမ်းကို ကြံဆနိုင်ခဲ့ပါတယ် ။ ရိစ်ဂျိမ်းစ် ဟာ ဒီနိုင်ပွဲ အတွက် အဓိက ပုံဖော်ပေးခဲ့ပြီး ၊ ၎င်းရဲ့ volley ကန်ချက် သွင်းဂိုး ၂ဂိုး က ကမ္ဘာ့အဆင့် မီခဲ့ပါတယ် ။

ဒါ့အပြင် ညာတောင်ပံ တလျှောက် ဇီယက်ချ်နဲ့ အတွဲညီခဲ့ပြီး ၊ နယူးကာဆယ်ရဲ့ တန်ပြန်တိုက်စစ်ကိုလည်း အခက်အခဲ မရှိ ကြုံသလို တားဆီးပြခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ၎င်းဟာ ဒီပွဲရဲ့ Man of the Match ဆုနဲ့ အပြည့်အဝ ထိုက်တန်မှု ရှိခဲ့ပါတယ် ။

ကွင်းလယ်မှာတော့ ကြံ့ခိုင်မှု ပြန်ပြည့်နေတဲ့ ကန်တေ ပါဝင်ခဲ့ပေမယ့် ၊ attacking-minded ကွင်းလယ်လူမျိုး ဒီပွဲမှာ ပိုပြီး လိုအပ်ခဲ့တာကြောင့် ၊ ၎င်းရဲ့ အခန်းကဏ္ဍ က မှေးမှိန်ခဲ့ပါတယ် ။ တိုက်စစ်ကို ပံ့ပိုးမှု လုပ်ရာမှာ ကန်တေ ဟာ လူစားဝင် ကွင်းလယ်လူ လော့ဖ်တပ်စ်ချိခ်လောက် အထောက်အကူ မပေးနိုင်ခဲ့ပါဘူး ။

ဒီနေရာမှာ ဂျော်ဂျင်ဟို ဟာ မကြာခဏဆိုသလို အရှေ့တက် ကစားရပြီး ၊ အနီးကပ် ဖန်တီးဖို့ ၊ အသင်းဖော်တွေရဲ့ တွဲလုံး ညီစေဖို့ကို ကြားခံ အနေနဲ့ ညှိပေးခဲ့ရပါတယ် ။ တချို့သော ပင်နယ်တီ ဧရိယာ အတွင်းသို့ တိုက်ရိုက် ပေးပို့မှုတွေက ထိရောက်မှု ရှိခဲ့သလို ၊ ဘောလုံး ခြေထဲမရှိတဲ့ အချိန်မှာလည်း ကွင်းလယ်ကို လွှမ်းမိုးမှု ပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် တတိယ ဦးဆောင်ဂိုး ကိုလည်း ပင်နယ်တီမှ တဆင့် အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ် ။

နောက်ဆုံး ၄ပွဲဆက် ဂိုးသွင်းထားတဲ့ ချေဝဲလ် ကတော့ ဒီပွဲမှာ အသံတိတ်သလောက် ရှိနေခဲ့ပြီး ၊ တိုက်စစ်ကို ပံ့ပိုးဖို့ထက် စိန့်မက်ဆီမင်ကို တားဆီးဖို့ကို ပိုပြီး အာရုံစိုက်ခဲ့ရပါတယ် ။ ခြေစွမ်း က သာမန် အဆင့်သာ ရှိခဲ့ပေမယ့် ၊ ဘယ်တောင်ပံ တိုက်စင်္စ အတွက် အိုဒွိုင်းနဲ့ လိုအပ်တဲ့ ချိတ်ဆက်မှုတွေ လုပ်နိုင်ခဲ့ပါတယ် ။

တိုက်စစ် – ဟာကင် ဇီယက်ချ် ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 7 )

အထောင် တိုက်စစ်မှူး ၂ဦးက လွဲရင် တသင်းလုံး ပိတ်ကစားတဲ့ ၅ – ၃ -၂ ကစားကွက် ကျင့်သုံးတဲ့ အိမ်ရှင်ကြောင့် ချဲလ်ဆီးရဲ့ တိုက်စစ် ဟာ ဒီပွဲမှာ အတိုင်းအတာနဲ့သာ တိုက်စစ်ဆင်ခွင့် ရခဲ့ပြီး ၊ open play ကနေ လှလှပပ ကစားနိုင်ဖို့ထက် ၊ ကြုံသလို လှမ်းကန်နိုင်ဖို့သာ ပိုပြီး အာရုံစိုက်ခဲ့ရပါတယ် ။

အထူးသဖြင့် False 9 နေရာမှာ ကစားတဲ့ ကိုင်ဟာဗက်ဇ် ဟာ ပင်နယ်တီ ဧရိယာ အတွင်း Marking အကပ်ခံရတာကြောင့် ၊ အကန့်အသတ်နဲ့သာ လှုပ်ရှားခွင့် ရခဲ့ပါတယ် ။ အခွင့်အရေး မည်မည်ရရ မပိုင်ဆိုင်ခဲ့ပေမယ့် ၊ ၎င်းကြောင့် ချဲလ်ဆီးတို့ တတိယ ဦးဆောင်ဂိုး ဖြစ်စေမယ့် ပင်နယ်တီ ကန်ခွင့်ကို ရရှိခဲ့ပါတယ် ။

မေဆင်မောင့် ဖျားနာနေတဲ့အတွက် ကံကောင်းပြီး ပွဲထွက်ခွင့် ရခဲ့တဲ့ ဇီယက်ချ် ကတော့ ဆက်လက် ရုန်းကန်ခဲ့ရပြီး ၊ အခုအချိန် အထိ ပွဲထွက်ခွင့်နဲ့ ထိုက်တန်မှု ရှိတဲ့ ကစားပုံကို မပြနိုင်သေးပါဘူး ။ အထူးသဖြင့် ဘောလုံး ပေးပို့မှု တော်တော်များများမှာ တိကျမှုမရှိပဲ ၊ လိုတာထက် ပိုနေတာ ၊ လျော့နေတာတွေက ၎င်းကို ပရိသတ် အများအပြား က စိတ်ပျက်နေကြတာ ဖြစ်ပါတယ် ။

နောက်ပိုင်း ပွဲထွက်ခွင့်တွေ ဆက်တိုက်ရနေတဲ့ အိုဒွိုင်း ကတော့ ဒီပွဲရဲ့ ခြေစွမ်း ပေါ်လွင်ခဲ့တဲ့ ကစားသမား အနည်းစု စာရင်းမှာ ပါဝင်ခဲ့ပြီး ၊ အဖွင့်ဂိုး ဟာ ဘယ်တောင်ပံ ကနေ ၎င်းရဲ့ ပြေးပြေးလွှားလွှား ဖြတ်တင် ပေးပို့မှု ကနေ စတင်ခဲ့ပါတယ် ။ ထူးထူးခြားခြား တကိုယ်တော် ထိုးဖောက်မှုတွေ မလုပ်နိုင်ခဲ့ပေမယ့် ၊ လုပ်အားနဲ့ ကစားအားကို ပြသသွားနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ရော့စ် ဘာကလေ ( Rating – 6 ) ၊ ဆာအူးလ် နီဂွက်ဇ် ( N/A )

SPORTS MYANMAR