“ကျွန်တော့လူတွေအတွက် ဂုဏ်ယူပါတယ်” – ဘရန့်ဖိုဒ့် နည်းပြ သောမတ်စ် ဖရန့် ရဲ့ ချဲလ်ဆီးနဲ့ ပွဲပြီး ပြောစကား

ဘရန့်ဖိုဒ့် အသင်းရဲ့ နည်းပြ သောမတ်စ် ဖရန့် က သူ့အနေနဲ့ မနေ့ညက ချဲလ်ဆီး အသင်းကို ရင်ဆိုင် ကစားပြီး ၁ ဂိုးတည်းနဲ့ ကပ်ရှုံးနိမ့် ခဲ့တဲ့ ပွဲက ဘရန့်ဖိုဒ့် ကစားသမားတွေ ရဲ့ ကြိုးစား အားထုတ်မှု အပေါ် ဂုဏ်ယူ မိပါကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘရန့်ဖိုဒ့် ဟာ ဒီရာသီမှာမှ ပရီးမီးယားလိဂ် ကို တန်းတက်လာတာ ဖြစ်ပေမယ့် ပုံစံကောင်းတွေ ပြသထားပြီး အာဆင်နယ် ကို အနိုင် ၊ လီဗာပူး ကို ၃ ဂိုးစီ သရေကျအောင် ကစားပြ ထားနိုင်ခဲ့ ပါတယ် ။

ယမန်နေ့ ညက ပွဲမှာလည်း ဒုတိယပိုင်းပြီးခါနီးမှာ ချဲလ်ဆီး ကို တောက်လျောက် ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရရှိခဲ့ ပေမယ့် ချဲလ်ဆီး ဂိုးသမား အက်ဒွာ မန်ဒီ ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဘန်ချီဝဲလ် ရဲ့ ပထမပိုင်း သွင်းဂိုးကို မချေပနိုင်ဘဲ အိမ်ကွင်းမှာ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။

ဒီလိုမျိုး အရေးနိမ့်ခဲ့ရ ပေမယ့် ဘရန့်ဖိုဒ့် ဟာ ပြိုင်ဘက် ချဲလ်ဆီး အပါအဝင် တကမ္ဘာလုံးက ပရီးမီးယားလိဂ် ပရိသတ်တွေရဲ့ ချီးကျူး ထောပနာပြုမှု ကို တော့ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

ဘရန့်ဖိုဒ့် နည်းပြ သောမတ်စ် ဖရန့် ကလည်း ချဲလ်ဆီး ဂိုးသမား မန်ဒီ ကို ချီးကျုး သွားခဲ့သလို ဥရောပ ချန်ပီယံ တို့ ၃ မှတ် အပြည့် ရသွားခဲ့တာ ကံကောင်းတယ်လို့ ဆိုနိုင်ကြောင်း Sky Sports နဲ့ အင်တာဗျူးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“အရင်ဆုံး ကျွန်တော့ ကောင်လေးတွေရဲ့ ကစားပုံ အတွက် ဂုဏ်ယူတယ်လို့ ပြောချင်ပါတယ် ။

ဒီ မိနစ် ၉၀ ကို ပြန်ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့ က အနိုင်ရဖို့ တောင် ထိုက်တန်ခဲ့တာပါ ။

အခွင့်အရေး ဖန်တီးမှု နဲ့ အန္တရာယ် ရှိတဲ့ ဂိုးသွင်းမှုတွေမှာ ကျွန်တော်တို့က သူတို့ ( ချဲလ်ဆီး ) ထက် ပိုသာ ခဲ့ ပါတယ် ။

ဥရောပ ချန်ပီယံ အသင်းကို တပွဲလုံး ကျွန်တော်တို့ ဖိအားပေး ကစားနိုင်ခဲ့တာပါ ။

ဒါက တကယ့် အထင်ကြီးစရာ ပါပဲ ၊ ချဲလ်ဆီးက ပွဲအစပိုင်းမှာ ကျွန်တော်တို့ကို လွှမ်းမိုးထားနိုင်ပေမယ့် အချိန် အတော်များများ ကတော့ ကျွန်တော်တို့ပဲ ပိုဖိကစား နေခဲ့တာပါ ။

ဒါကြောင့် ကျွန်တော့ကောင်လေးတွေ အတွက် ဂုဏ်ယူတယ်လို့ ပြောရတာပါပဲ”

“တိုက်စစ်မှူး ၂ ယောက်အထိ ထည့်ပြီး ချဲလ်ဆီးကို ဖိအားပေး ကစားခဲ့ ပါတယ် ။ ဒါက အလုပ်ဖြစ်ခဲ့ပြီး သူတို့ ( ချဲလ်ဆီး ) ရှေ့က လူတွေပါ နောက်ကို ပြန်ဆင်းကူ ခဲ့ရတာပါ ။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဘောလုံး ပိုကိုင် ကစားလာနိုင်ခဲ့ပြီး အခွင့်အရေးတွေ ပိုဖန်တီး နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် သူတို့က ကံပိုကောင်းခဲ့ ပါတယ် ။ သူတို့ ဂိုးသမား ရဲ့ လက်စွမ်းပြမှုတွေ အပြင် ဒီပွဲကို နိုင်ဖို့ သူတို့မှာ ကံ ပါလာခဲ့တာပါ ။

ကျွန်တော် သေချာပြောရဲပါတယ် ၊ ဒီပွဲက ပုံစံမျိုးသာ ကျွန်တော်တို့ ထပ်ကစားပြ နိုင်ရင် နောက်ပွဲကို သေချာပေါက် နိုင်မှာပါ ။ ဒီလို ဖြစ်အောင်လည်း တည်ဆောက် သွားပါမယ်” လို့ သောမတ်စ် ဖရန့်က ပြောဆို သွားခဲ့ ပါတယ် ။

ဘရန့်ဖိုဒ့် ဟာ ချဲလ်ဆီးကို ရှုံးနိမ့် ခဲ့ပေမယ့်လည်း စနေနေ့ည ပွဲတွေ အပြီးမှာ အဆင့် ၇ နေရာမှာ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ် ။

ဘရန့်ဖိုဒ့် ဟာ နောက်တပတ် မှာတော့ မန်ချက်စတာ ယူနိုက်တက် ကို ၄-၂ နဲ့ အနိုင် ကစားထားတဲ့ လက်စတာ စီးတီး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR