မာဆေး ဆိုဒ် ဒါဘီ ပွဲစဉ် နောက်ပိုင်း လီဗာပူး ပွဲကို ပထမဆုံး ပြန်လည် ကိုင်တွယ်မယ့် ဒေးဗစ် ကုတ်တီ

လီဗာပူး ပရိသတ်တွေ ရဲ့ နှလုံးသားထဲမှာ ဒေးဗစ် ကုတ်တီ ဆိုတဲ့ နာမည်ကို ကြားလိုက်တိုင်း အခုထိ တနုံ့နုံ့ နဲ့ ခံစားနေကြရဦးမယ် ထင်ပါတယ်။

အဲဗာတန် နဲ့ ကစားခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီ ပွဲစဉ်မှာ ဂိုးသမား ပစ်ဖို့ဒ် ဟာ ဗန်ဒိုက် ကို ပြစ်ဒဏ် ကျူးလွန်ခဲ့ပေမယ့် ၊ ဒိုင်လူကြီး ဒေးဗစ် ကုတ်တီ ကတော့ တရာသီလုံး အနားယူရလောက်အောင် ဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက် ကို လစ်လျူရှုပြီး ၊ လူကျွံ အနေအထားကိုသာ အာရုံစိုက်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ အဲဗာတန် ဂိုး သမားကို အရေးယူဖို့ပါ ပျက်ကွက်ခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် လီဗာပူး ပရိသတ်တွေ က ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခဲ့ကြတာပါ။

ဒီ ကိစ္စတွေ နဲ့ ပတ်သက်လို့ လက်ရှိ အင်္ဂလန် ရဲ့ အကောင်းဆုံး ကွင်းလယ်ဒိုင်လို့ ပြောတဲ့ မိုက်ကယ် အိုလီဗာ ကတောင် ကုတ်တီ ဟာ ကွင်းထဲက အနေအထားတွေကို ထောင့်စေ့အောင် ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိဘူးလို့ မှတ်ချက်ပေးခဲ့သလို ၊ ဗန်ဒိုက် လူချခံလိုက်ရတဲ့ အပေါ်မှာ လစ်လျူရှုခဲ့တာလဲ လိုအပ်ချက် တခုပဲလို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဒိုင်လူကြီးများ အဖွဲ့ချုပ်ဟာ ဒေးဗစ် ကုတ်တီ ကို လီဗာပူး ပွဲတွေမှာ တာဝန် ပေးအပ်ခြင်း မရှိတော့ပဲ လက်ရှောင်ထားခဲ့ပါတယ်။

သို့သော် ဒီညမှာ ကစားမယ့် ပရက်စ်တန် နဲ့ ကာရာဘောင် ဖလားပွဲစဉ်မှာတော့ ဒေးဗစ် ကုတ်တီ ဟာ အထက်ဖော်ပြပါ အဖြစ်အပျက်ပြီး နောက်ပိုင်း လီဗာပူး ပွဲစဉ်ကို ပထမဆုံး အကြိမ် ပြန်လည် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ဒိုင်လူကြီးများ အဖွဲ့ချုပ်က လီဗာပူး အတွက် အသင်းငယ်လေး နဲ့ တွေ့ဆုံနေချိန်မှာ ကုတ်တီ ကို တာဝန်တွေ ပြန်လည် နှင်းအပ်ဖို့ အတွက် အကောင်းဆုံး အခိုက်အတန့် တခုလို့ ယူဆကောင်း ယူဆထားနိုင်သလို ၊ ဗန်ဒိုက် ပြန်ကစားပေးနိုင်ပြီ ဖြစ်တဲ့ အတွက်လဲ လီဗာပူး ပရိသတ်တွေ ရဲ့ ဒေါသ က အတော်အတန် ပြေလျှော့လောက်ပြီလို့ သုံးသပ်လို့ ကနဦး ခြေလှမ်းနဲ့ ချဉ်းကပ်တာလဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဒီည ကစားမယ့်ပွဲမှာ ကွင်းထဲက ဘောလုံးသမားတွေ ရဲ့ ခြေစွမ်းတင် မဟုတ်ပဲ ဒိုင်လူကြီး ရဲ့ စွမ်းဆောင်ရည်တွေကိုပါ စောင့်ကြည့်ရမှာပါ။

ကုတ်တီ ကို အပြင်းအထန် ဝေဖန်ခဲ့တဲ့ နည်းပြကြီး ကလော့ပ် နဲ့ ရော်ဘတ်ဆန် တို့ဟာ ဒီတကြိမ်မှာရော သဘောထားကြီးကြီး နဲ့ ပွဲအပြီးမှာ နှုတ်ဆက်ပေးနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အဲဗာတန် နဲ့ ကစားတဲ့ ပွဲစဉ် အပြီး တလအကြာမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူး နဲ့ လက်စတာ တို့ပွဲမှာ ဒိုင်လူကြီးမှာ အဖွဲ့ချုပ်က ဒေးဗစ် ကုတ်တီ ကို VAR တာဝန် ထပ်မံ ပေးအပ်ခဲ့ပါသေးတယ်။ သို့သော် ဝေဖန်မှုတွေ ဆက်တိုက် မြှင့်တက်ခဲ့တာကြောင့် အဲဒီနေရာကို အပြောင်းအလဲ လုပ်ကာ ၊ အခြား ဒိုင်လူကြီး တယောက် နဲ့ အစားထိုးခဲ့ဖူးပါတယ်။

အဲဒီ အဖြစ်အပျက်တွေ ပြီးကတည်းက ကုတ်တီ ဟာ ထိပ်သီး ခြောက်သင်း ပါဝင်တဲ့ ပွဲစဉ်တွေမှာ စုစုပေါင်း 10 ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပြီး ၊ အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲမျိုးတွေ ဆိုရင် မည်သည့် တာဝန်မှ နှင်းအပ်ခြင်း မခံရတော့ပါဘူး။

ဒီနှစ် ဘောလုံးရာသီမှာတော့ သူဟာ ပရီးမီးယားလိဂ် 5 ပွဲသာ ကိုင်တွယ်ခွင့် ရရှိထားပါတယ်။

SPORTS MYANMAR