ကိုင်တွယ်တဲ့ အသင်းတွေဆီက ကွန်တီ တောင်းဆိုလေ့ရှိတတ်ခဲ့တဲ့အရာ သုံးခု

လက်ရှိ ဘောလုံးရာသီအတွင်း ရလဒ်ကောင်းတွေ ပိုင််ဆိုင်နိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂန္တဝင် ကစားသမားဟောင်းတွေ ကာကွယ်ပေးနေခဲ့ကြတဲ့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်လိုက်ဖို့ အတော်လေး သတင်းကြီးနေခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် 3 နှစ်အတွင်း စျေးကွက်တွေထဲမှာ ကာဗာနီ ၊ ရော်နယ်ဒို ၊ ဖာနန်ဒက်စ် ၊ မက်ဂွားယား၊ ဗာရန်း တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ အပြင် ဆန်ချို ၊ ဘစ်ဆာကာ ၊ ဗန်ဒီ ဘိခ် တို့လို ကစားသမားတွေလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်ကတော့ အခုထိ ဖလားလက်မဲ့ ဖြစ်နေသေးဆဲ ပါပဲ ။ ဒါ့ကြောင့် ဒီနှစ် ဘောလုံးရာသီဟာ ဆိုးလ်ရှားရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမဲ့ ရာသီပဲလို့ ရာသီစတင်ကတည်းက စတင်းတွေ ကျယ်လောင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ရာသီ အဖွင့်လှခဲ့တဲ့အတွက် အသံတွေ တိတ်ဆိတ်သွားခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက်တို့ ဘာရာဘောင် ဖလား ပြိုင်ပွဲမှ ထွက်ခွာ ၊ လီဗာပူး အသင်းကို 5 ဂိုးပြတ် ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 7 နေရာမှာသာ ရပ််တည်နိုင်ခဲ့တဲ့နောက်တော့ ဆိုးလ်ရှားဟာ ရာသီဝက် မတိုငွခင်မှာပဲ အသင်းကနေ အထုတ်ခံရဖို့ အရမ်းကို နီးစပ်သွားခဲ့ရပါပြီ ။

အထူးသဖြင့် လွန်ခဲ့တဲ့ 8 နာရီ အတွင်းမှာ မန်ချက်စတာ ညနေခင်း သတင်း နဲ့ နာမည်ကျော် အေးဂျင့် ရိုမာနို တို့ရဲ့ ဖော်ပြချက်တွေအရ ဆိုးလ်ရှားဟာ နာရီပိုင်းအတွင်း (သို့) ရက်ပိုင်းအတွင်း အထုတ်ခံရနိုင်ခြေ ရှိတယ်လို့ သတင်းထွက််ခဲ့တဲ့နောက် ချဲလ်ဆီး နည်းပြဟောင်း ကွန်တီဟာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ သတင်းကြီးသွားခဲ့ပါတယ် ။

ကွန်တီဟာ ရောက်လေရာ အရပ်တိုင်းမှာ ဆုဖလားတွေ ရယူခဲ့တဲ့ နည်းပြမျိုး ဖြစ်တာကြောင့် ယူနိုက်တက် ပရိသတ််တွေက သူ့ကို (သို့) ရီးယဲ မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်းကို ခေါ်ယူစေလိုနေကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ကွန်တီ ကိုယ်တိုင် ဒီရာထူးကို စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေခဲ့ပါပြီ ။

ဒါ့ကြောင့် ဆိုးလ်ရှား အထုတ်ခံရတာနဲ့ ကွန်တီဟာ သိပ်မကြာခင်မှာပဲ ယူနိုက်တက် နည်းပြ ဖြစ်သွားဖို့ အလား အလာတွေ များနေပြီပဲ ဖြစ်ပါတယ် ။ ကွန်တီ ကိုယ်တိုင်ကတော့ အင်တာမီလန် အသင်းမှ ထွက်ခွာခဲ့ပြီးနောက် ဘယ်လိုအသင်းကို ကိုင်တွယ်ဖြစ်မလဲလို့ အမေးခံရချိန် ပြောခဲ့တဲ့ စကားတွေကို ဖော်ပြပေးလိုက်ပါတယ် ။

” ကျွန်တော်ကတော့ အသင်းရဲ့ စီမံကိန်းကို အရင်ကြည့်မှာပါ ။ အကယ်လို့ ကျွန်တော်သာ သူတို့ရဲ့ စီမံကိန်းကို မယုံကြည်ဘူးဆိုရင် အလုပ်လက်ခံဖို့ထက် အိမ်မှာပဲ နေဖို့ကို ဦးစားပေး ဆုံးဖြတ်သွားမှာပါ ။ ကျွန်တော် ကိုင်တွယ်လိုတဲ့ အသင်းမှာ ‘ အမြင် ၊ ရိုးသားမှု ၊ အခြေခံ စည်းမျဥ်း ‘ တွေ ရှိဖို့ အရေးကြီးပါတယ် ”

” ကျွန်တော်ဟာ စိန်ခေါ်မှုတွေကို နှစ်ခြိုက်သူပါ ။ ကျွန်တော့်ရဲ့ နည်းပြဘဝမှာလည်း စိန်ခေါ်မှုတွေ အများကြီး လက်ခံခဲ့ပြီးပါပြီ ။ ကျွန်တော် ကိုင်တွယ်ခဲ့ဖူးတဲ့ ထိပ်သီး အသင်းတွေတောင် ကျွန်တော်ရောက်တဲ့အချိန်အထိ ဆုဖလားကို ဆွတ်ခူးဖို့ ရေပန်းမစားတဲ့ အသင်းတွေချည်း ဖြစ်ခဲ့ကြတယ်လေ ”

” ထားပါ ၊ အကယ်လို့ ကျွန်တော့်ကို ယုံကြည်မှုမပေးနိုင်တဲ့ အလုပ် ဖြစ်နေမယ်ဆိုရင် ငွေကြေးကို ထည့်မတွက်ပဲ ငြင်းဆန်သွားမှာပါ ။ ကျွန်တော်ကတော့ နိုင်ငံရပ်ခြားမှာပဲ (အီတလီပြင်ပ) အတွေ့အကြုံတွေ ယူရတာ နှစ်ခြိုက်မိပါတယ် ။ ကျွန်တော်က သက်သောင့်သက်သာရှိတဲ့နေရာမှာ နေရတာ မပျော်မွေ့သူ တစ်ဦးပါ ”

” ကျွန်တော်ကတော့ ပိုခက်ခဲမယ်လို့ ယူဆရတဲ့ အလုပ်တွေကိုချည်း လုပ်ဆောင်ခဲ့ပါတယ် ။ ကစားသမား ဖြစ်ခဲ့စဥ်ကလည်း ကျွန်တော် ယူလို့ ရနိုင်တဲ့ အောင်မြင်မှုတွေ အားလုံးနီးပါး ယူခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ခမ်းနားတဲ့ အရာ တစ်ခုတော့ မယူနိုင်ခဲ့ပါဘူး ။ ခင်ဗျားဟာ ရှုံးနိမ့်ခဲ့ဖူးရင် အဲ့ဒီလို အရှုံးကို ထပ်မံ မခံစားချင်တော့ဘူးလေ ”

” ဒါ့ကြောင့် ကျွန်တော်ဟာ နည်းပြ ဖြစ်လာတဲ့ အခါမှာ ကျွန်တော့်ရဲ့ ကစားသမားတွေဆီကို အဲ့ဒီလို စိတ်ဓါတ်လေးတွေ ထည့်သွင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့တာချည်းပါပဲ ။ အဲ့တာတွေက ကျွန်တော့်မှာ ရှိနေတဲ့ အမာရွတ်တွေက တစ်ဆင့် ရခဲ့တဲ့ သင်ခန်းစာပါ ။ အဲ့ဒီလို ဒဏ်ရာတွေ မရအောင် တက်နိုင်သလောက် ရှောင်ချင်ပါတယ် ” လို့ ကွန်တီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းမှာ စီမံကိန်း တစ်ခု ရှိနေပေမဲ့ ကွန်တီ လိုချင်တဲ့ ‘ အမြင် ၊ ရိုးသားမှု ၊ အခြေခံ စည်းမျဥ်း ‘ အပိုင်းမှာ အားနည်းချက်တွေ ရှိနေပါသေးတယ် ။ ဒါပေမဲ့ အောင်မြင်မှုနဲ့ ဝေးနေပြီး နာကျင်မှုတွေ ခနခန ပိုင်ဆိုင်ခဲ့ရတဲ့ အသင်းဟာ ကွန်တီလို နည်းပြ ရောက်လာရင်တော့ ဒီတစ်ကြိမ် အရာရာ လိုက်လျောပေးသွားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံနေရပါတယ် ။

#Sports_Myanmar