ကစားသမား ၅ ယောက်ကို အပြစ်ပေးခဲ့ကြောင်း နဲ့ အနီကတ် ကိစ္စတို့ အပေါ် ထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ မော်ရင်ဟို

ရိုးမား အသင်း ရဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟို က မနေ့ညက ကစားခဲ့တဲ့ ရိုးမား – နာပိုလီ ပွဲစဉ်ဟာ အလွန် အကျိတ်အနယ် ရှိပြီး ယှဉ်ပြိုင်မှု ပြင်းထန်တာကြောင့် ခုံတန်းပေါ်က သူ့ကိုပင် မောပန်း စေခဲ့တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရိုးမား ဟာ ယူရိုပါ ကွန်းဖရန့် လိဂ် မှာ ဘိုဒို ဂလင့် အသင်းကို ၆-၁ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ အပြီးမှာ စီးရီးအေ ရဲ့ ၁၀၀% နိုင်ပွဲရှင် နာပိုလီ ကို အိမ်ကွင်း အိုလံပီကို မှာ ဧည့်ခံ ကစားခဲ့ရ ပါတယ် ။

ဒီပွဲမှာ ၂ သင်းစလုံး ဂိုးမသွင်း နိုင်ဘဲ သရေ ရလဒ် ထွက်ပေါ် ခဲ့ကာ နာပိုလီ ရဲ့ ၁၀၀% နိုင်ပွဲ ရရှိမှု ရပ်တန့် သွားခဲ့ ပါတယ် ။ ဒါပေမယ့် လူစီယာနို စပါယ်လက်တီ ရဲ့ အသင်းဟာ စီးရီးအေ အမှတ်ပေး ဇယားရဲ့ အဆင့် ၁ နေရာမှာ ရှိနေဆဲ ပါပဲ ။

မော်ရင်ဟို ဟာ ဘိုဒို ဂလင့် ပွဲမှာ ပါဝင် ကစားခဲ့တဲ့ ကစားသမား ၅ ဦး ကို ဒီနေ့ပွဲမှာ ချန်လှပ်ပြီး အရန်ခုံမှာ ထိုင်ကာ ပွဲကြည့် စေခဲ့ ပါတယ် ။ အဲ့ဒိ လူတွေ ကတော့ ကမ်ဘူလာ ၊ ဒီယာဝါရာ ၊ ကာလာဖီယိုရီ ၊ ဂွန်ဇာလို ဗီလာ နဲ့ ဘိုဂျာ မာယိုရယ် တို့ ဖြစ်ပြီး ဒါဟာ တသင်းလုံးကို သူပေးချင်တဲ့ မက်ဆေ့ ဖြစ်ကြောင်း မော်ရင်ဟို က ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“တပွဲလောက် ပက်ပက် စက်စက် ရှုံးထားပြီ ဆိုရင် နောက်ဆက် ကစားတဲ့ ပွဲမှာ စိတ်လှုပ်ရှားမှုတွေ ၊ ဖိအားတွေ အပြည့် ရှိနေမယ် ဆိုတာ အားလုံး သိထားဖို့ လိုပါတယ် ။ ဘိုဒို ဂလင့် နဲ့ ကစားခဲ့တဲ့ ပွဲက ကျွန်တော့ အတွက်တော့ သမိုင်းမှာ မေ့ပျောက်လို့ မရနိုင်တဲ့ ပွဲပါ ၊ ဒီနေ့ အရန်ခုံဟာ တသင်းလုံးကို ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ပါပဲ” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

မော်ရင်ဟို ဟာ ပွဲချိန် အတွင်း အဝါကတ် ၂ ကြိမ် ပြသ ခံခဲ့ရပြီး ထုတ်ပယ် ခံခဲ့ရ သလို ပြိုင်ဘက် နာပိုလီ နည်ပြ စပါယ်လက်တီ ကလည်း ဒိုင်လူကြီး ကို လက်ခုပ်တီးမိ တာကြောင့် တိုက်ရိုက် အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

ပေါ်တူဂီသားကြီး ကတော့ ပွဲရလဒ် ကိုရော အသင်းရဲ့ ကစားပုံကိုပါ ကျေနပ် အားရခဲ့ပြီး တိုးတက်မှု များစွာ ရှိခဲ့တယ်လို့ ပြောဆို သွားခဲ့သလို ဒိုင်ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန် လိုခြင်း မရှိကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။

 

“တကယ် ပြင်းထန်တဲ့ ပွဲပါ ၊ ကျွန်တော့ လူတွေက ပွဲပန်းနေပါတယ် ၊ ဒါပေမယ့် တကယ် ကြိုးစားပြီး ကစားခဲ့ ကြတာပါ ။ လူတိုင်းကတော့ ဒီပွဲကို ကျွန်တော် မြင်သလို ကျွန်တော် ခံစားရသလို ဖြစ်ချင်မှ ဖြစ်မှာပါ ။ ကျွန်တော့ အမြင်မှာတော့ ဒါက အရည်အသွေးမြင့် ပွဲကောင်း တပွဲပါပဲ”

 

“နာပိုလီ လို အသင်းမျိုးကို ရင်ဆိုင်ရတာ မလွယ်ပါဘူး ။ ဝ-၀ ဆိုတာ ဖျော်ဖြေမှု ပေးနိုင်တယ်လို့ ပြောမရ ပေမယ့် ပွဲကြည့်စင်ပေါ်က ကျွန်တော် တောင် ရင်မော နေခဲ့ရတာပါ ။ ကျွန်တော့ ကစားသမားတွေ ကတော့ ကြောက်လန့်မှု မရှိဘဲ စုစုစည်းစည်း နဲ့ ကစားပြခဲ့ ပါတယ် ။ တိုးတက်မှုတွေလည်း ရှိခဲ့ပါတယ်”

“နောက်ခံ အစွန်လူတွေ ကစားတာ ကောင်းကြပါတယ် ၊ ဇာနီယိုလို နဲ့ မစ်ခီတာရမ် တို့လည်း ဒီနေ့ ပွဲမှာ အသင်းကို အများကြီး ကူပေးခဲ့နိုင် ပါတယ် ။ ဒီပွဲက တကယ်ကို အားပြိုင်မှု ပြင်းထန်ခဲ့တဲ့ပွဲပါ ။ နည်းပြ ၂ ယောက် အနီကတ် ထိခဲ့တာကိုသာ ကြည့်ကြပါတော့”

“ဒီအတွက် ဒိုင်ကို ကျွန်တော် စောဒက မတက်ချင်ပါဘူး ၊ အနည်းဆုံးတော့ နည်းပြ ၂ ယောက်လုံး ထုတ်လိုက်တာ ဆိုတော့ ဒိုင်က မျှတတယ်လို့ပဲ ပြောရမှာပါ” လို့ မော်ရင်ဟို က DAZN သတင်းဌာန ကို ပြောပြ သွားခဲ့ ပါတယ် ။

ရိုးမား ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကာဂလီယာလီ အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကို ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်နေ့ မှာတော့ အေစီမီလန် ကို အိမ်ကွင်း အိုလံပီကို မှာ ဧည့်ခံ ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR