ကစားသမားတွေ သူ့အတွက် ကစားမပေးကြဘူးဆိုတဲ့ ဝေဖန်နေသူတွေကို တုန့်ပြန်လိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ကင်းပါဝါ ကွင်းထဲမှာ လက်စတာ စီးတီး အသင်းကို သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး တိုင်လီမန်းစ် ၊ ဆိုယွန်ကူ ၊ ဗာဒီ ၊ ဒါကာ တို့ရဲ့ သွင်းဂိုးတွေကြောင့် 4 – 2 ဆိုတဲ့ ရလဒ်နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပါသေးတယ် ။

အဆိုပါ ရလဒ်ထွက်ပေါ်ခဲ့တဲ့နောက် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ အလုပ်ထုတ် ခံရမဲ့ ဖိအားတွေအောက် ကျရောက်ခဲ့ပြီး ဝေဖန်မှုတွေ များစွာခံခဲ့ရသလို အသင်းရဲ့ ကစားသမားတွေဟာ သူ့အတွက် မကစားပေးချင်ကြဘူး ဆိုပြီးတော့ပါ အပြောခံခဲ့ရပါသေးတယ် ။

ဒါ့အပြင် ဒီနေ့ နံနက်မှာပဲ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် 3 အဖြစ် အိုလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အတ္တလန္တာ အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး ပထမပိုင်းမှာပဲ 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် နေခဲ့တဲ့ အတွက် ဆိုးလ်ရှား အပေါ် ဖိအားတွေ ပိုမို ကျရောက်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ပွဲချိန် ဒုတိယပိုင်း မှာတော့ ယူနိုက်တက် အသင်းရဲ့ ကစားပုံတွေဟာ ထူးထူးကဲကဲ တိုးတက်လာခဲ့ပြီး မားက်ပစ် ရပ်ရှ်ဖို့ ၊ ဟယ်ရီ မက်ဂွားယား ၊ ခရစ္စတီယာနို ရော်နယ်ဒို တို့ရဲ့ သွင်းဂိုးတွေကြောင့် 3 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင််ပြန်ရအောင် ကစားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် အုပ်စု F မှာ အမှတ်ပေး ဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်ရောက် နိုင်ဖို့ အလားအလာ ကောင်းမွန်သွားခဲ့သလို ဆိုးလ်ရှားရဲ့ ဖိအားတွေလည်း အနည်းငယ် လျော့ကျ သွားခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် ကစားသမားတွေဟာ သူ့အတွက် ကစားပေးနေဆဲလား ဆိုပြီး အမေးခံလိုက်ရချိန်မှာတော့ ဆိုးလ်ရှားက ရယ်မောခဲ့ပြီး ကစားသ မားတွေ အပေါ် မလေးမစား မလုပ်ပါနဲ့ လို့ ထိရောက်စွာ ပြန်လည် တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

” ကစားသမားတွေ အပေါ် မလေးမစား မပြောဆိုပါနဲ့ ။ သူတို့က မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးအတွက်် ကစားပေးနေကြရတာပါ ။ သူတို့တွေဟာ ကမ္ဘာ့ ကံအကောင််းဆုံး ကစားသမားတွေ ဖြစ်ကြတယ်ဆိုတာကို သိထားပြီးသားသူတွေပါပဲ “

” ဒီညမှာလည်း သူတို့တွေဟာ ကမ္ဘာ့ ကံ အကောင်းဆုံး ကစားသမားတွေ ဖြစ်နိုင်ခဲ့ကြပြန်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ မန်ချက်စတာ ယူနိုက်တက် အသင််းအတွက် ဆက်လက် ပါဝင် ကစားပေးခဲ့ရလို့ပါပဲ “

” ဒါက ကမ္ဘာပေါ်မှာ ရှိနေကြတဲ့ သန်းပေါင်း များစွာသော ကောင်လေးတွေ၊ ကောင်မလေးတွေ လုပ်ချင်ကြတဲ့အရာ ဖြစ်နေတယ်လေ ” လို့ ပြန်လည် တုန့်ပြန်ရင်း သူတို့တွေဟာ အသင်းရဲ့ အမှတ်တံဆိပ်အတွက် ကစားပေးနေကြတဲ့ ကစားသမားတွေသာ ဖြစ်ကြောင်း ချီးကျူးသွားခဲ့လိုက်ပါတယ် ။

 

ဒီပွဲမှာ အံ့ဖွယ် ပြန်နိုင်ပြီး ရလဒ်ကောင်း ရယူနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ဟာ လာမဲ့ ရက်သတ္တပါတ်တွေမှာ လီဗာပူး ၊ တော့တင်ဟမ် ဟော့ စပါး ၊ အတ္တလန္တာ ၊ မန်စီးတီး အသင််းတွေကို ဆက်လက် ရင်ဆိုင် ကစားရဖို့ ရှိနေပါသေးတယ် ။ ဒီကာလကို ဆိုးလ်ရှား ဘယ်လို ဖြတ်ကျော်ပြမလဲဆိုတာ စိတ်ဝင်စားစရာ ပါပဲ ။

#Sports_Myanmar