တရုတ်နိုင်ငံက ဝက်တွေမှာ တွေ့ရတဲ့ တုပ်ကွေးသစ်ဟာ လူကို ပိုမိုကူးစက်လွယ်ပြီး ကပ်ရောဂါ ဗိုင်းရပ်စ်ဖြစ်နိုင်ဖွယ်ရှိလား ဆိုတာကို အနီးကပ် စောင့်ကြည့်သင့်တယ်လို့ လေ့လာချက်တရပ်က ဆိုပါတယ်။

တရုတ်သုတေသီအဖွဲ့တစ်ခုဟာ ၂၀၁၁ ကနေ ၂၀၁၈ ခုနှစ်အတွင်း ဝက်တွေမှာ တွေ့ရတဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေကို လေ့လာခဲ့ပြီး H1N1 တုပ်ကွေးရဲ့ ‘G4’ မျိုးရင်းမှာ ကပ်ရောဂါ ဗိုင်းရပ်စ်ရဲ့ ဝိသေသလက္ခဏာ အားလုံးပါဝင်တာကို တွေ့ရှိရတယ်လို့ အမေရိကန်ဂျာနယ်က ထုတ်ပြန်တဲ့စာတမ်းက ဆိုပါတယ်။

ဝက်မွေးမြူသူတွေရဲ့ သွေးထဲမှာ အဲဒီဗိုင်းရပ်စ်ပမာဏ များနေတာကို တွေ့ရတယ်လို့  စာတမ်းရေးသူတွေက ဆိုပြီး ဝက်မွေးမြူရေးလုပ်ငန်းမှာ လုပ်နေကြတဲ့ လုပ်သားတွေကို  အမြန်ဆုံး အနီးကပ် စောင့်ကြည့်သင့်တယ်လို့ ရေးသားသူတွေက ပြောပါတယ်။

ဒီလေ့လာချက်က မျိုးစိတ်အဟန့်အတားတွေကို ကျော်လွန်ပြီး အထူးသဖြင့် တရုတ်နိုင်ငံက လူဦးရေ ထူထပ်တဲ့ဒေသတွေမှာ လူသားတွေဆီ ကူးစက်နိုင်တဲ့အန္တရာယ်ကို အလေးထား ဖော်ပြထားပါတယ်။ အဲဒီဒေသတွေက ယာတော၊ မွေးမြူရေးခြံ၊ သားသတ်ရုံနဲ့ တောရိုင်း တိရစ္ဆာန် ရောင်းချရာ ဈေးတွေမှာ လူပေါင်းသန်းချီပြီး သိပ်သည်းစွာ နေကြပါတယ်။

ဒီလေ့လာချက်နဲ့ပတ်သက်လို့ တရုတ်အစိုးရက ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး ဘယ်လိုဗိုင်းရပ်စ်မဆို ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ဖို့ လိုအပ်တာမှန်သမျှ လုပ်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၃၀ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads