ပြင်းထန်တဲ့ စီးပွားရေးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို တရားစွဲနေပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု မစ်ဇိုရီပြည်နယ်က ပြောကြားလိုက်ပါတယ်။ ဒီစွဲဆိုချက်ထဲမှာ မစ်ဇိုရီအစိုးရရှေ့နေချုပ် အဲရစ် ရှမစ်က တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ပျံ့ပွားမှုကို တားဆီးဖို့ အဖြစ်သဘောသာ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မစ်ဇိုရီပြည်နယ်သားတွေဟာ စီးပွားရေးအနေနဲ့ ဒေါ်လာ ဆယ်ဘီလျံလောက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့လည်း မစ္စတာရှမစ်က ပြောကြားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီလှုပ်ရှားမှုကို ငြင်းဆန်ပယ်ချလိုက်ပြီး ဒီလက်လွတ်စပါယ်တရားစွဲမှုဟာ အချက်အလက်အရရော ဥပဒေအရပါ အခြေအမြစ်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်ကတော့ “တကယ့်ကို ရီစရာပဲ။ အချုပ်အခြာပိုင်မှုသဘောအရဆိုရင် အမေရိကန်ရုံးတော်တွေက တရုတ်အစိုးရအပေါ်မှာ စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့ ဒီလှုပ်ရှားမှုကို သံသယဝင်နေကြပြီး ထိရောက်မှုကိုလည်း မေးခွန်းထုတ်နေကြပါတယ်။ အချုပ်အခြာပိုင်မှု ကင်းလွတ်ခွင့်လို့ခေါ်တဲ့ ဥပဒေအရ နိုင်ငံခြားအစိုးရတွေကို အမေရိကန်ရုံးတော်တွေမှာ တရားစွဲခံရမှုမှ ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။

“အာဏာပိုင်အရာရှိတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်အရ အမေရိကန်ပြည်ထောင်စုထဲမှာ ဥပေဒချိုးဖောက်ရင်တော့ တစ်မျိုးပေါ့။ အခုကိစ္စက သံရုံးကားက ယာဉ်တိုက်မှုဖြစ်သလိုပါပဲ”လို့ ရှီကာဂိုတက္ကသိုလ်က နိုင်ငံတကာဥပဒေပါမောက္ခ တွမ် ဂျင်းစဘာ့က ပြောပါတယ်။
အင်္ဂါနေ့က ရုံးတော်ကို တင်သွင်းလာတဲ့ ဒီအမှုမှာ တရုတ်အစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေကို စွဲချက်တင်ထားတာပဲ ဖြစ်ပါတယ်။

“မစ်ဇိုရီမှာတော့ ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုက တကယ့်အကို အစစ်အမှန်ပါ။ ထောင်ပေါင်းများစွာ ကူးစက်ခံရတယ်။ အများအပြားသေဆုံးတယ်။ မိသားစုတွေ ကွဲကွာကြရတယ်။ လုပ်ငန်းတွေ ပိတ်သိမ်းကုန်ရတယ်။ လက်လုပ်လက်စားတွေ စားရေးသောက်ရေး ခက်ခဲသွားတယ်”လို့ ရှမစ်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“တရုတ်အစိုးရဟာ Covid-19ရဲ့ သဘောသဘာဝနဲ့ အန္တရာယ်ကို ကမ္ဘာကြီးကို လိမ်လည်နေခဲ့တယ်။ သတင်းဖွင့်ချသူတွေကို နှုတ်ပိတ်ထားခဲ့တယ်။ ရောဂါပျံ့ပွားမှုကို မတားဆီးခဲ့ဘူး။ အဲဒါတွေအတွက် တာဝန်ခံရမယ်”လို့ ရှမစ်က ပြောကြားခဲ့ပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : BBC

Ads