ကမ္ဘာကြီးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဖြစ်ပွားသည့် အလွန်ကြီးမားသော အတိုင်းအတာဖြင့် အငတ်ဘေးကို ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။  အငတ်ဘေးကို ရှောင်လွှဲနိုင်ရန် အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာပရိုဂရမ် (WFP)ရဲ့ အကြီးအကဲ ဒေးဗစ် ဘီစလေးက ပြောကြားလိုက်ပါတယ်။  လူ ၁၃၅သန်းမှ သန်း၂၅၀ကျော်အထိ အငတ်ဘေးကြုံတွေ့ရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

စစ်ပွဲ၊ စီးပွားရေးအကျပ်အတည်းနှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ခံနေရတဲ့ ၁၀နိုင်ငံဟာ အငတ်ဘေးကြုံတွေ့ရဖို့ ဖြစ်နိုင်ခြေအများဆုံးဖြစ်တယ်လို့လည်း WFPက ပြောကြားပါတယ်။  ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း စတုတ္ထနှစ်ပတ်လည်အစီရင်ခံစာမှာတော့ ယီမင်၊ ဒီမိုကရတ်ကွန်ဂိုသမ္မတနိုင်ငံ၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အီသီယိုပီးယား၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ နိုင်ဂျီးရီးယားနဲ့ ဟေတီနိုင်ငံတွေလို့ ဖော်ပြထားပါတယ်။

တောင်ဆူဒန်မှာဆိုရင် ယမန်နှစ်က စားနပ်ရိက္ခာအကျပ်အတည်းကြောင့် လူဦးရေရဲ့ ၆၁% အငတ်ဘေးကြုံတွေ့ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  ကူးစက်ရောဂါ မကျရောက်မီကပင် အရှေ့အာဖရိကနှင့် တောင်အာရှတို့မှာ မိုးခေါင်ရေရှားမှုနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး သီးနှံဖျက်ပိုးကျမှုကြောင့် ပြင်းထန်တဲ့ စားနပ်ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

ကုလ လုံခြုံရေးကောင်စီရဲ့ ဗီဒီယိုကွန်ဖရင့်မှာ မစ္စတာ ဘီစလေးက ကမ္ဘာကြီးက အမြော်အမြင်ရှိရှိနဲ့ မြန်မြန်ဆန်ဆန် တုန့်ပြန်ဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။  “တစ်လနှစ်လအတွင်းမှာပဲ အလွန်ကြီးမားတဲ့အတိုင်းအတာနဲ့ အငတ်ဘေးတွေကို ရင်ဆိုင်ရနိုင်တယ်။ အချိန်က ကျနော်တို့ဖက်မှာ ရှိမနေဘူးဆိုတာကလည်း အမှန်တရားပဲ”လို့ သူက ပြောပါတယ်။

Covid-19 ကူးစက်ရောဂါဟာ လူသားနဲ့ စားနပ်ရိက္ခာအကျပ်အတည်းကပ်ဘေးဖြစ်မလာအောင်တော့ လိုအပ်တာတွေ လုပ်ထားရမယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : BBC

Ads