အငြင်းပွားမှုတွေ ထွက်ပေါ်လာနေတဲ့ကြားကပဲ ကမ္ဘာနဲ့အဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို ဖြစ်ပါးစေခဲ့တဲ့ Covid-19 ဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန် လင်းနို့တွေမှာသာ မြစ်ဖျားခံလာတာဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ လူတွေ ဖန်တီးထားတာ၊ ပြုပြင်စီရင်ထားတာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

WHO ပြောခွင့်ရအမျိုးသမီး ဖာဒဲလာ ချရစ်က Fox News ကို ပြောကြားရာမှာတော့ ရရှိထားတဲ့ သက်သေအထောက်အထားများအရ ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်က တိရစ္ဆာန်တစ်ကောင်သာဖြစ်ပြီး ဓာတ်ခွဲခန်း (ဒါမှမဟုတ်) တစ်နေရာရာမှာ ပြုပြင်စီရင် တည်ဆောက်ထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း လူနည်းနည်းလေးကပဲ ဗိုင်းရပ်စ်ကို ဇီဝအင်ဂျင်နီယာနည်းနဲ့ ဖန်တီးထားတာလို့ လူသိရှင်ကြားပြောကြားနေကြပါတယ်။ သတင်းရင်းမြစ်တွေက Fox News ကို ပြောကြားကြရမှာလည်း ဒီဗိုင်းရပ်စ်ဟာ အနီးအနားက အကောင်ရှင်ဈေးကွက်မှာ မြစ်ဖျားခံလာတယ်ဆိုတဲ့ ပြောကြားချက်တွေအစား ဝူဟန်က ဓာတ်ခွဲခန်းတစ်ခုမှာ သဘာဝအလျောက်ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ကို လေ့လာရင်းနဲ့မှ လွတ်ထွက်ပျံ့နှံ့လာတာဖြစ်တယ်လို့ တိုးတိုးပြီး ယုံကြည်နေကြတာပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို လိုက်လံစုံစမ်းနေကြဆဲ အခြေအနေမှာ WHOရဲ့ ပြောကြားချက်ဟာ ဓာတ်ခွဲခန်းအယူအဆဟာ ကျိုးကြောင်းဆီလျော်မှုရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေရှင်းနိုင်ခြင်းမရှိပါဘူး။

ဒါပေမယ့်လည်း ဒီဗိုင်းရပ်စ်ရဲ့ မော်လီကြူးတည်ဆောက်ပုံက လင်းနို့ (ဒါမှမဟုတ်) သင်းခွေချပ်တွေမှာ တွေ့ရတဲ့ တခြားဗိုင်းရပ်စ်တွေနဲ့ နီးနီးစပ်စပ် ဆင်တူနေလို့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ ဆိုခဲ့ပါ နို့တိုက်သတ္တဝါတွေမှာ မြစ်ဖျားခံလာတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။  သုတေသီတွေက မကြာသေးမီကပဲ လင်းနို့တွေမှာ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ၆မျိုးကို တွေ့ခဲ့ကြလို့ တောင်ပံရှိနို့တိုက်သတ္တဝါတွေမှာ မဖော်ထုတ်ရသေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ထောင်ပေါင်းများစွာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားလာခဲ့တဲ့ ကူးစက်ရောဂါကို အချိန်မီသတိမပေးနိုင်ခဲ့လို့ အဝေဖန်ခံနေရပါတယ်။ ကူးစက်ရောဂါဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလကျမှ စတင်ဖြစ်ပွားလာတယ်လို့ ယူဆနေကြပေမယ့်လည်း မတ်လက LiveScience ရဲ့ သတင်းတစ်ပုဒ်မှာတော့ ပထမဆုံး ကူးစက်ခံရတဲ့ လူနာကို နိုဝင်ဘာလကတည်းက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ယခုလစောစောပိုင်းကပဲ သမ္မတ ထရမ့်က အဖွဲ့ကြီးကို ရက်ပေါင်း၆၀မှ ၉၀ကာလ စုံစမ်းစစ်ဆေးနေတုန်းမှာ အမေရိကန်အနေနဲ့ ရံပုံငွေထောက်ပံ့မှု ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “WHOဟာ တာဝန်ပျက်ကွက်ခဲ့တယ်။ အဲ့ဒီအတွက် တာဝန်ခံရပါမယ်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာလကတည်းက ဗိုင်းရပ်စ်ဟာ လူက လူကို ကူးစက်နိုင်တယ်ဆိုတဲ့ ယုံကြည်လောက်တဲ့ သတင်းအချက်အလက်တွေကို လျစ်လျူရှုခဲ့တယ်”လို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့နံနက်ခင်းအထိ ကမ္ဘာနဲ့အဝန်းမှာ လူ ၂.၅သန်းကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရရာမှာ ၇၈၈၀၀၀ကျော်က အမေရိကန်ပြည်ထောင်စုက ဖြစ်လို့ ကမ္ဘာပေါ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အခံရဆုံး နိုင်ငံပဲ ဖြစ်ပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Fox News

Ads