တားမြစ်ကန့်သတ်ချက်တွေကို နိုင်ငံတော်တော်များများမှာ စတင်ဖြေလျော့လာကြချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးနဲ့ ပတ်သက်ပြီး တပ်လှန့်သံသစ်အဖြစ် ဒီ ရောဂါကပ်ဘေး အဆိုးဆုံး မရောက်လာသေးဘူးလို့ WHO အကြီးအကဲဖြစ်သူက သတိပေးလာပါတယ်။ WHO ညွှန်ကြားရေးမှူးချုပ် တီဒရို့စ်အက်ဟန်နွမ်ဂါဘရီယက်ဆက်က ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု ပိုပြီး ဆိုးလာနိုင်တယ်ဆိုတာကို ဘယ်လိုအကြောင်းကြောင့် ယုံကြည်ထားတယ်ဆိုတာကိုတော့ အတိအကျ မပြောပါ။ ပညာရှင်အချို့ကတော့ ကျန်းမာရေးစနစ်တွေ ဖွံ့ဖြိုးမှု နည်းပါးရာ အာဖရိကအနှံ့မှာ နောက်ထပ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ပြောထားပါတယ်။

ခုချိန်ထိ ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂ ဒသမ ၅ သန်းခန့် ရှိပြီး သေဆုံးသူ ၁၆၆၀၀၀ ဦးကျော် ရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်အရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ၁၉၈၁ စပိန်တုပ်ကွေးနဲ့လည်း နှိုင်းယှဉ်ပြီး တီဒရို့စ်က ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။

“စပိန်တုပ်ကွေး လူ သန်းပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသလိုပါပဲ၊ ဒီ ဗိုင်းရပ်စ်ဟာ အရမ်းကို ဘေးအန္တရာယ်များပြီး ပျံ့နှံ့နေတာ ဖြစ်ပါတယ်။”လို့ ဂျီနီဗာမှာ သတင်းထောက်တွေကို ၎င်းက ပြောပါတယ်။ “ဒါပေမယ့် ဒီကနေ့ ခေတ်မှာ ကျွန်တော်တို့မှာ နည်းပညာရှိတယ်၊ ဒီ သဘာဝဘေးကို ကျွန်တော်တို့ တားဆီးကာကွယ်နိုင်တယ်၊ ဒီလို ကပ်ဘေးမျိုးကို ကျွန်တော်တို့ တားဆီးနိုင်တယ်။”လို့ တီဒရို့စ်က ပြောပါတယ်။

အစောပိုင်းအချက်အလက်မှာ ဗိုင်းရပ်စ်ကူးစက်သူ အနည်းငယ်ပဲ ပြသနေတာဟာ ဒီ ဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာနိုင်တာကို ရည်ညွှန်းနေတာပဲ ဖြစ်တယ်လို့ WHO တာဝန်ရှိသူတွေက ပြောရင်း နိုင်ငံတွေဟာ တားမြစ်ကန့်သတ်ချက်တွေနဲ့ အဝင်အထွက်ပိတ်တာတွေကို ရုပ်သိမ်းတာ စောလွန်းတယ်လို့ သတိပေးခဲ့ပါတယ်။

“ကျွန်တော်တို့ကို ယုံပါ။ အဆိုးဆုံးက မကျရောက်လာသေးဘူး။ ဒီ ဖြစ်ရပ်ဆိုးကြီးကို တားဆီးကြစို့။ ဗိုင်းရပ်စ်အကြောင်း တော်တော်များများက နားမလည်သေးဘူး။”လို့ တီဒရို့စ်က ပြောခဲ့ပါတယ်။

Rf; Global News
Writer_ မောင်သံဆင့်(XYZ News)