အီရန်စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းဟာ စစ်တပ်အရာရှိကြီးတွေ တက်ရောက်တဲ့ တနင်္ဂနွေနေ့က အခမ်းအနားတစ်ခုမှာ ခေတ်မီ 3D ရေဒါစနစ်တစ်စုံကို ချပြခဲ့ကြောင်း Tasnim News Agency သတင်းဌာနက ဖော်ပြပါတယ်။ Khalij-e-Fars (ပါရှားပင်လယ်ကွေ့)လို့ နာမည်ပေးထားတဲ့ ဒီရေဒါတွေကို စစ်တပ်တပ်မှူး ဗိုလ်ချုပ်ကြီး အက်ဒိရာဟမ်မိုအူဆာဗီနဲ့ လေတပ်တပ်မှူး ဗိုလ်မှူးချုပ် အလီရီဇာဆာဘာဟီဖာ့ဒ်တို့ကို ချပြခဲ့တာ ဖြစ်ပါတယ်။
ဒီရေဒါဟာ 3D ရေဒါဖြ်စပြီး အကျယ်အဝန်း ၈၀၀ ကီလိုမီတာအဝန်းအဝိုင်းကို ဖြန့်ကြက်နိုင်ကာ သမရိုးကျဝေဟင်ပစ်မှတ်တွေကို ထောက်လှမ်းနိုင်စွမ်းရှိသလို အသံထက်မြန် ရေဒါကျော်လွှားလေယာဉ်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကိုပါ ထောက်လှမ်းနိုင်တယ်လို့ သိရပါတယ်။

ဒီရေဒါစနစ်ကို အီရန်က အသိဉာဏ်ပစ္စည်းအခြေပြုကုမ္ပဏီတွေနဲ့ လေတပ်တို့က ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ခု ရေဒါသစ်ကို မချပြခင်မှာလည်း အီရန်နိုင်ငံဟာ လေတပ်နဲ့ လေကြောင်းရန်လုံယူနစ်မှာ အသုံးပြုမယ့် ပြည်တွင်းဖြစ် ဒရုန်းစနစ် သုံးမျိုးကို ပေးပို့ဖြန့်ကြက်ထားတာ ဖြစ်ပါတယ်။
အမေရိကန်၊ ဆော်ဒီအာရေဗျနဲ့ အစ္စရေးတို့လို ဒေသတွင်းနဲ့ ကမ္ဘာ့ရန်ဖက်တွေကြားမှာ အီရန်နိုင်ငံဟာ ၎င်းရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်လျက် ရှိနေတာ ဖြစ်ပါတယ္။

အခု ရေဒါစနစ်ဟာ တူရကီကနေ အီရတ်၊ ကူဝိတ်၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ အိုမန်၊ အာဖဂန်နဲ့ ပါကစ္စတန်တို့လို အီရန်နယ်စပ်တစ်လျှောက်က အမေရိကန်စစ်စခန်းတွေကို ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Khalij-e-Fars ရေဒါစနစ်နဲ့အတူ Moraqeb ဆိုတဲ့ ကီလိုမီတာ ၄၀၀ အဝန်းအဝိုင်းကို ထောက်လှမ်းနိုင်တဲ့ ရွှေ့လျား 3D ရေဒါစနစ်ကိုလည်း တီထွင်ထုတ်လုပ်ထားပြီး ပူးတွဲအသုံးပြုတဲ့အခါမှာ အမေရိကန်စစ်စခန်းတွေထဲက လှုပ်ရှားမှုတွေကို ထောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Rf; Sputnik
Writer_ မောင်သံဆင့်(XYZ News)